လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ စပါးကို ဧည့်ခံပြီး ပြောမဆုံးတဲ့ ဖြစ်ရပ်တွေနဲ့အတူ ၄-၃ ဖြင့် အနိုင်ရကာ အဆင့် ၅ နေရာထိ တက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ လီဗာပူးက အဖွင့်သိပ်လှခဲ့ပြီး ဂျုံး၊ ဒီယက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ပွဲအစ ၁၀ မိနစ် မပြည့်ခင် ဦးဆောင်ခဲ့တာပါ။ ဒါ့အပြင် ဂက်ပိုကို ဧရိယာထဲ ဆွဲချိတ်မှုကြောင့် ရလာတဲ့ ပင်နယ်တီကို ဆာလာက အဆုံးသတ်ပြီး ၁၅ မိနစ်အတွင်း လီဗာပူးတို့ ၃ ဂိုး ဦးဆောင်ထားခဲ့ပါတယ်။
အဲ့နောက်ပိုင်းမှာ လီဗာပူးအသင်းသားတွေဟာ တော်တော်လေးကို ပေါ့ဆစွာ ကစားခဲ့ကြပြီး အထူးသဖြင့် ခံစစ်သမားတွေရဲ့ လျော့ရဲတဲ့ ခုခံမှုတွေကြောင့် စပါးဘက်က ဘာမှ ကောင်းကောင်းမကစားနိုင်တဲ့ အခြေအနေကနေ အခွင့်အရေးကြီးတွေ ရသွားခဲ့ပါတယ်။
ဒီယက်စ်ကို စကစ် တက်နင်းတဲ့ ဖြစ်ရပ် ကွင်းလယ်ဒိုင် တီယာနေး ဘာပြစ်ဒဏ်မှ မပြခဲ့တာကလည်း ချာတူးလန်လှတဲ့ ပရီးမီးယားလိဂ် ဒို်င်တွေရဲ့ ပွဲကို အစောမှာတင် မပြတ်စေချင်တဲ့ သဘောထားကို မြင်ခဲ့ရတယ်။
ဒုတိယပိုင်းမှာ လီဗာပူးက အခြေအနေ ပိုဆိုးသွားပြီး စပါးကို ဂိုးပြတ် အနိုင်ယူပြီး အရှက်မခွဲလိုတာလား၊ တကယ်ကိုပဲ ခြေစွမ်း ညံ့ဖျင်းလွန်းတာလား မကွဲအောင်ကို ခပ်ချာချာ ကစားခဲ့လို့ စပါးတို့ အခွင့်အရေးတွေ အကြိမ်ကြိမ် ရခဲ့တယ်။ အံ့ဩလောက်အောင်ပဲ စပါးရဲ့ ပိတ်ချက်တွေကလည်း တိုင်ထိလိုက် ဘားတန်းထိလိုက်နဲ့ ဂိုးမဝင်ခဲ့ပါဘူး။
နောက်ပိုင်းမှာ ရိုဘိုရဲ့ ညံ့လှတဲ့ ခံစစ်ကစားပုံကို အခွင့်ကောင်းယူပြီး ဆွန်က ခြေပဂိုး ယူခဲ့ပါတယ်။ စပါးဘက်က ရှယ်ကြမ်းပလန်နဲ့ ကြမ်းနေတဲ့ စကစ်နဲ့ ဘောလုံးလုရာမှာ ဂျိုတာက ခြေထောက် အရင်မြောက်ထားခဲ့လို့ ခေါင်းကို ကန်မိပေမယ့် အနီကဒ် မပြခံခဲ့ရတာ ကံကောင်းခဲ့ပါတယ်။
လီဗာပူးတို့ ချာနေတုန်း လူစားဝင် တိုက်စစ်သမား ရစ်ချာလီဆန်ကလည်း တတိယဂိုး ယူခဲ့ပါတယ်။ ရစ်ချာလီဆန်က သူ့ရဲ့ သွင်းဂိုးအတွက် လူအမြင်ကပ်လောက်အောင် အကြီးအကျယ် အောင်ပွဲခံခဲ့ပါသေးတယ်။
၃-၃ ကြောင့် စိတ်ပျက်နေကြချိန် လူးကပ်မော်ရာက ဂိုးသမားကို အချိန်ဆွဲဖို့ ပြန်ပေးတဲ့ ဘောလုံး နောက်မှာ ကျန်နေတဲ့ ဂျိုတာ ရသွားပြီး ပိတ်သွင်းတာမို့ အသင်းက အနိုင် ၃ မှတ် လက်ဆောင်ရခဲ့ပါတယ်။
လီဗာပူးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် မရတော့ဘူးလို့ တွေးထားလို့ရတဲ့ အခြေအနေပါ။ ဒါကြောင့် ဒီရာသီ လက်ကျန်ပွဲတွေဟာ လာမယ့်ရာသီအတွက် ရည်ရွယ်ပြီး လူစာရင်း ကစားကွက် ပြန်တည်ဆောက်မှုလို့ တွက်ဆရမှာဖြစ်ပါတယ်။
စနစ်သစ်မှာ ထရန့်က အတွင်းထဲ ဝင်ပြီး ကစားနေတာကြောင့် ညာခြမ်းခံစစ်ကို ဗဟိုခံစစ်မှူးတွေက တွဲပြီး တာဝန်ယူရတာနဲ့အတူ ခံစစ်ဟာ ၃ ယောက်တန်း ပုံစံ ပြောင်းလဲနေပါတယ်။ ရေရှည်မှာ ဒါက အလုပ်ဖြစ်မလား ပြောဖို့က စောနေသေးပါသေးတယ်။
ဒီနေ့ပွဲမှာ လီဗာပူးရဲ့ ကစားပုံက ယိုပေါက်တွေ မိုလိုပေါက်နေခဲ့ပြီး ဟာကွက်တွေ အရမ်းပေါ်လာတာက ခံစစ်ခုခံမှုတွေမှာ အာရုံစူးစိုက်မှု လျော့နည်းလို့လား ဒါမှမဟုတ် စနစ်သစ်ကြောင့်လား ဆိုတာကို ဒီလိုပွဲတွေကနေ နည်းပြအဖွဲ့က ပြန်စိစစ်ရမှာဖြစ်ပါတယ်။