

လီဗာပူးအသင်းဘက်က စပါးပွဲမှာ VAR ဘက်က ဟားစရာ အမှား လုပ်ခဲ့ခြင်းအတွက် ထိပ်တိုက် ဖြေရှင်းမယ့်အကြောင်း စာထုတ်ထားပါပြီ။ ဒီတော့ နောက်ပိုင်း ကိစ္စတွေကို အသင်းဘက်က ကိုင်တွယ်သွားတော့မှာပါ။ ကျနော်တို့ အခြားအပိုင်းတွေကနေ အကောင်းမြင်စရာတွေအကြောင်း ပြောဖို့ လိုလာပါပြီ။
စပါးပွဲမှာ ရလဒ်ကောင်းရမယ်ဆိုရင် ဇယားထိပ်ထိ တက်နိုင်ခဲ့မှာဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့ပြီး အသင်းက အဆင့် ၄ ထိ ကျဆင်းသွားပါတယ်။ ဒါပေမယ့် ဒီပွဲဟာ လီဗာပူးအသင်းအတွက် မကောင်းမြင်စရာတွေချည်း ပြည့်နေခဲ့တဲ့ ပွဲမျိုးတော့ မဟုတ်ခဲ့ပါဘူး။
ဒီရာသီ စတင်လာကတည်းက ကွင်းလယ်တန်း အသစ်ဖြစ်လာခဲ့ပြီး မာကာနဲ့ ဒွန်တို့ တစ်ဦးချင်း တော်တော်လေး ကောင်းလို့ လီဗာပူး ယိုင်ထွက်မသွားပေမယ့် အသင်းလိုက် ကစားပုံ အားနည်းကြပါတယ်။ ရာသီအဖွင့်ပွဲ ချယ်ဆီးနဲ့ ဘုန်းမောက်ပွဲတွေမှာ ဆိုရင် ခြေစွမ်းပိုင်း ရုပ်ဆိုးခဲ့ပါတယ်။
ဘုန်းမောက်ပွဲမှာဆို အတော်လေး အခြေအနေ ဆိုးရွားခဲ့ပြီး အထနှေးတာကြောင့် အိမ်ကွင်းမှာ စတာနဲ့ တီးခံခဲ့ရသလို ပထမပိုင်း ခြေစွမ်းက တော်တော်လေးကို ဆိုးရွားခဲ့တာပါ။ နောက်ပိုင်းမှ ပွဲပြန်ထိန်းနိုင်ပြီး ပြန်လိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲ့နောက် နယူးကာဆယ်ပွဲမှာ ဒါဝင် အံ့မခန်း ခြေစွမ်းပြခဲ့တယ်။ အက်စတွန်ဗီလာပွဲမှာ ခြေစွမ်းကောင်းပါတယ်။ အဲ့ တစ်ပွဲပဲ ကျေနပ်စရာ ခြေစွမ်းပါ။ နောက် ဝုဗ်ပွဲမှာလည်း ကံကောင်းလို့ ပထမပိုင်း ၂-၀ ဖြစ်မသွားခဲ့တာဖြစ်ပြီး နောက်ကနေ ၃ ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ရလဒ်တွေရနေပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်တွေက လိုအပ်ချက်တွေ ရှိနေခဲ့တာပါ။
လန့်စ်၊ ဝက်စ်ဟမ်း၊ လက်စတာတို့ကို ၃-၁ တွေဖြင့် ဆက်တိုက် အနိုင်ရချိန်မှာ အသင်း ကစားကွက်က ပိုပို တည်ငြိမ်လာတယ်။ ကစားသမားတွေဟာ စနစ်သစ်မှာ အံဝင်လာတာကို မြင်လာရပါတယ်။
နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ စပါးပွဲဟာ ဒီရာသီ အသင်းထံက မြင်ရတဲ့ အကောင်းဆုံး တွဲလုံး ပုံစံတွေပါပဲ။ အဝေးကွင်းဖြစ်ပေမယ့် အထက်စီးက ကစားခဲ့ပါတယ်။ ဂျုံး ထွက်သွားချိန်ထိ ဒီပွဲ မရှုံးလောက်ဘူးလို့ မြင်စရာ ခြေစွမ်းပါ၊ ၁ ယောက်လျော့ဖြင့် ယှဉ်ပြိုင်နေပေမယ့် ဦးဆောင်ဂိုးတောင် စသွင်းခဲ့ပြီး VAR က ရှက်စရာ ဆုံးဖြတ်ချက် လုပ်ခဲ့လို့တာပါ။
စပါးဘက်က ဦးဆောင်ဂိုး သွင်းသွားတော့လည်း ၁၀ ယောက်ကျန် လီဗာပူးက ပထမပိုင်း မပြီးခင်မှာတင် ခြေပဂိုး ပြန်သွင်းခဲ့တယ်။ ဒီယက်ဇ် အပိတ်သေချာခဲ့ရင် ဦးဆောင်ဂိုးတောင် ရသွားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ဂျိုတာ ထုတ်ခံရပြီး ၂ ယောက် လျော့နေတဲ့ အဝေးကွင်းပွဲမှာကို လီဗာပူးက ခံစစ်ပိတ်တာချည်း မလုပ်ဘဲ ရအောင် ပြန်တိုက်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကြီး ၆ ကြီးထဲက အသင်းတစ်သင်းကို သူတို့ အိမ်ကွင်းမှာ ၂ ယောက်လျော့နဲ့ အံတုပြခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ ကစားနေတဲ့ ၄-၄-၁ ပုံစံကနေ ဂျိုတာပါ ထုတ်ခံရတာမို့ ၅-၃-၀ ကစားကွက် ပြောင်းပြီး ခံစစ်ကို ကျစ်ကျစ်လစ်လစ် ပိတ်ကာ ရရင် ရသလို ကောင်တာတောင် ဖောက်ပြချင်ခဲ့ကြသေးတယ်။
နောက်ဆုံး ၂၁ မိနစ်ဟာ လီဗာပူးရဲ့ မာကျောတဲ့ စိတ်ဓါတ်ကို မြင်ခဲ့ရတဲ့ပွဲ ဖြစ်ပါတယ်။ ၁၁ ယောက် ၉ ယောက် ယှဉ်ကစားပြီး ဘောလုံးပိုင်ဆိုင်မှု ၂၇% လုနိုင်ခဲ့ပါတယ်။ တော်တင်ဟမ်တို့ ဘောလုံးကန်ချက် ၂၄ ကြိမ် လုပ်ခဲ့ပေမယ့် ၁၄ ကြိမ်ဟာ ဧရိယာပြင်ပက ဖြစ်ခဲ့ပြီး သူတို့ အတွင်းကို လုံးဝ မဝင်နိုင်ခဲ့ပါဘူး။
ဗန်ဒိုက်က ခံစစ်ရဲ့ စံနမူနာ ဖြစ်ခဲ့ပြီး ဘောလုံး ရှင်းထုတ်မှု ၈ ကြိမ် လုပ်ပေးခဲ့တယ်၊ ပြိုင်ဘက်ရဲ့ တိုက်စစ် ထိုးဖောက်မှု ၆ ကြိမ်ကို block လုပ်ပေးခဲ့တယ်၊ တစ်ဦးချင်း ယှဉ်လုမှု ၄ ကြိမ် အောင်မြင်ခဲ့ပါတယ်။ မာတစ်က ဘောလုံးရှင်းထုတ်မှု ၁၀ ကြိမ် လုပ်ခဲ့ပြီး ဂိုးမက်စ်က ယှဉ်လုမှု ၁၁ ကြိမ် လုပ်ခဲ့ကာ ၇ ကြိမ် အောင်မြင်ခဲ့ပါတယ်။
တစ်ကွင်းလုံး ပြေးလွှား ကြိုးစားခဲ့တဲ့ ဆိုဘိုစလိုင်က ဘောလုံး ပိုင်ဆိုင်မှုကို ၁၃ ကြိမ် ပြန်ရဖို့ အားထုတ်ခဲ့ပါတယ်။ တော်ယုံ စိတ်ဓါတ်မျိုးတွေနဲ့ကတော့ ၉ ယောက်ကျန် အသင်းတစ်သင်းထံက ဒီလောက် ကောင်းကောင်း ကိန်းဂဏန်းတွေ ထွက်ပေါ်လာဖို့ မလွယ်ပါဘူး။
ပွဲအပြီး ဒါဝင်တို့၊ မာကာတို့ရဲ့ အပြုအမှုကို ကြည့်မယ်ဆိုရင် ပြင်းပြင်းထန်ထန်ကို ခံပြင်းနေတာမျိုး မြင်ရပါတယ်။ အသင်းနည်းပြအဖွဲ့ဝင်ဖြစ်တဲ့ Vitor Matos ဟာ ဆိုရင် ပွဲအပြီး ကွင်းထဲ ဝင်သွားတဲ့ ဒါဝင်ကို ရူးရူးမိုက်မိုက်တွေ မလုပ်ဖို့ လိုက်လံ စကားပြောနေခဲ့ရပါတယ်။
ဒီရာသီစတင်လာတည်းက နည်းပြကလော့ပ် လိုချင်နေတဲ့ အသင်းလိုက် unit ဖြစ်မှုက စပါးပွဲမှာ ရခဲ့တယ်လို့ မြင်ပါတယ်။ အခုဆို တစ်သင်းလုံးက စိတ်နာနေကြတယ်၊ ဒေါသထွက်နေကြတယ်။ ပရိသတ်တွေလည်း တူတူပါပဲ။ အားလုံးက တစ်သားတည်း ဖြစ်လာနေပါပြီ။
ဒီဒေါသကို မှန်မှန်ကန်ကန် သုံးနိုင်မယ်ဆိုရင် အသင်းရဲ့ ဘောလုံးရာသီဟာ အကောင်းမြင်နိုင်စရာပါပဲ။ ၃ မှတ်တော့ ရှုံးသွားပေမယ့် အဝတ်လဲခန်း တစ်သားတည်း ပေါင်းစပ်မိသွားတာ၊ အသင်းရဲ့ မွန်းစတား စိတ်ဓါတ်တွေ ပြန်ပေါ်ထွက်လာက အတော်လေး ကျေနပ်စရာ ကောင်းပါတယ်။ ကလော့ပ်ရဲ့ Liverpool 2.0 ဟာ တစ်ခုခုပဲဆိုတာ အားလုံး မြင်လာရပါပြီ။
ဂက်ပို ဒဏ်ရာရသွားပါတယ်၊ ဂျိုတာ တစ်ပွဲပယ်ခံရပါမယ်၊ ဂျုံး ၃ ပွဲပယ်ခံရပါမယ်။ ဒါပေမယ့် အသင်းလူစာရင်းက အားနည်းသွားစရာ မရှိပါဘူး။ ထရန့် ပြန်ပါလာပြီး နိုင်ချင်စိတ် ပြင်းထန်နေတဲ့ အသင်းဟာ မုန်းတိုင်းတစ်ခုအဖြစ် လမ်းကြောင်းပေါ်က ပြိုင်ဘက်တိုင်းကို တိုက်ချသွားတော့မယ်လို့ ခံစားမိနေပါတယ်။