

ပုံမှန်အားဖြင့် ပွဲစဉ်တွေမှာ own goal သွင်းမိတိုင်း ကစားသမားတွေဟာ ဝေဖန်ခံရလေ့ ရှိပေမယ့် စပါးပွဲအတွင်း OG သွင်းခဲ့တဲ့ မာတစ်ကတော့ ကောင်းမွန်တဲ့ အားပေးမှုတွေ ရခဲ့ပါတယ်။
အချိန်ပိုတွေ အပါအဝင် ပွဲချိန် မိနစ် ၁၀၀ ကျော် ကစားခဲ့ရပြီး နောက်ဆုံး မိနစ်မှာ မာတစ်ရဲ့ ရှင်းထုတ်မှုက အယ်လီဆန်ရဲ့ ဘေး ဂိုးပေါက်ထိပ်ကို ဝင်သွားခဲ့တာပါ။ အဲ့ဖြစ်ရပ် မတိုင်ခင် မာတစ်က ခံစစ်မှာ ကြံ့ကြံ့ခံရင်း ဘောလုံးရှင်းထုတ်မှု ၁၀ ကြိမ် လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီး နည်းပြ ယာဂင်ကလော့ပ်က “ အဆုံးမှာတော့ ကံကြမ္မာက အဲ့လိုပဲ ဖြစ်ခဲ့ပါတယ်၊ တစ်ယောက်ယောက်က ခြေထောက်ကို ထုတ်ခဲ့ပြီး အဲ့တာက မာတစ် ဖြစ်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ သူ အကောင်းဆုံး ခုခံခဲ့ပေမယ့် ကံမကောင်းစွာပဲ ဒီလိုဖြစ်ခဲ့တယ်။
ကျနော်တို့ ထိုက်တန်တဲ့ သရေရလဒ်ကို မရခဲ့ဘူး။ ဒါပေမယ့် ဘဝမှာ ဒီထက် ဆိုးရွားတာတွေတောင် ရင်ဆိုင်ခဲ့ရဖူးပါတယ် ” လို့ ပြောခဲ့ပါတယ်။
အယ်လီဆန်က ပွဲချိန်တွင်းမှာတင် မာတစ်ကို စိတ်ဓါတ်မကျဖို့ အားပေးခဲ့ပြီး ခံစစ်မှူးကတော့ အတော်လေး ခံစားရခက်ပုံရကာ ပွဲအပြီးမှာ အဝတ်လဲခန်းထဲ တန်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။
ဗန်ဒိုက်ကတော့ “ ခံစစ်သမားတစ်ယောက်အတွက် ခက်ခဲပါတယ်။ ဖြတ်တင်ဘောကို ရှင်းထုတ်ရတာတွေက အမြဲတမ်း ခက်ခဲပါတယ်။ ကံမကောင်းမှု ဖြစ်သွားခဲ့တယ်။ မာတစ် အဆင်ပြေပါတယ်။ သူက ကျနော်ရဲ့ သူငယ်ချင်းပါ။ သူအဆင်ပြေမယ် ဆိုတာ ကျနော် သိပါတယ် ” လို့ အားပေးစကား ပြောခဲ့တယ်။
လီဗာပူးပရိသတ်တွေကလည်း မာတစ် ကိုယ်ဂိုးကိုယ် သွင်းယူမိခြင်းကို အပြစ်တင်ကြဖို့ အစား တစ်ပွဲလုံး ကောင်းမွန်စွာ စွမ်းဆောင်ပြီး မာကျောတဲ့ စိတ်ဓါတ် ပြခဲ့တဲ့ ခံစစ်မှူးကို နှစ်သိမ့်ခဲ့ကြတာ ဖြစ်ပါတယ်။