လီဗာပူးအသင်းက စပါးနဲ့ပွဲ ပြန်ကန်ရဖို့ လိုချင်နေတာ မဟုတ်ပါဘူး။ ဒါဆိုရင် ဘာကို လိုချင်နေတာလဲ?

ပရီးမီးယားလိဂ် ပွဲစဉ်မှာ VAR ဘက်က မှားယွင်းခဲ့တဲ့ ဖြစ်ရပ်အပေါ် ထိပ်တိုက် ဖြေရှင်းဖို့ လီဗာပူးအသင်း စာထုတ်မှုဟာ အတော်လေး ဂယက်ကြီးခဲ့ပါတယ်။

ပုံမှန်မဟုတ်တဲ့ ဒီဖြစ်ရပ်ကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ VAR နဲ့ ဒိုင်လူကြီးတွေကို ထိပ်တိုက်ရင်ဆိုင်တဲ့ ပထမဆုံး ကလပ်ဖြစ်လာခဲ့တယ်။ အခုဆိုရင် အသင်းဟာ VAR ဆွေးနွေးမှု အသံဖိုင်ကို ရရှိခဲ့ပြီဖြစ်ကာ ဒီလို တောင်းဆိုမှုကို လုပ်ဆောင်နိုင်တဲ့ ပထမဆုံး အသင်းလည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နောက်ပိုင်း မေးခွန်း ရှိလာတာက လီဗာပူးအသင်းက ဘာလို့ ဒီလောက် အားထုတ်နေတာလဲ? စပါးနဲ့ပွဲ ပြန်ကစားရဖို့ကို တောင်းဆိုချင်နေတာလား?

The Athletic ရဲ့ မာဆေးဆိုဒ် သတင်းထောက် James Pearce ကတော့ အခုလို ဖော်ပြသွားပါတယ်။

လီဗာပူးအသင်းက ပြန်ကန်ပွဲ မတောင်းဆိုဘူး

လီဗာပူးအသင်းဟာ စနေနေ့ပွဲ ရလဒ်ကို အပြည့်အဝ လက်ခံပါတယ်။ ကာတစ်ဂျုံး၊ ဂျိုတာတို့ ထုတ်ခံရတဲ့ပွဲမှာ နာကျင်အချိန်ပိုအတွင်း မာတစ်ရဲ့ OG ကြောင့် လီဗာပူးအသင်း ရှုံးနိမ့်ခဲ့တာပါ။ ဒါက ပြောင်းလဲစရာ အကြောင်း မရှိပါဘူး။

လူမှုကွန်ယက်ပေါ်မှာ ပြန်ကန်ပွဲအကြောင်း အသံတွေ အရမ်းဆူနေပေမယ့် လီဗာပူးအသင်းက စပါးနဲ့ပွဲကို ပြန်ကစားခွင့်ရဖို့ တောင်းဆိုခြင်း မရှိသလို တောင်းဆိုသွားမှာလည်း မဟုတ်ပါဘူး။

ဒါဆိုရင် လီဗာပူးက ဘာလိုချင်နေတာလဲ?

လီဗာပူးအသင်းက လုပ်ထုံးလုပ်နည်း ပျက်ကွက်ခြင်းအတွက် ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ချင်တာပါ။ ဒါမှပဲ ဒီစုံစမ်းမှုက ရလာမယ့် သင်ခန်းစာတွေနဲ့အတူ ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ ဦးစားပေးက ဒီဖြစ်ရပ်မှာ ပရီးမီးယားလိဂ်က ဘယ်လို ပါဝင်ပတ်သက်ခဲ့လဲ ဆိုတာကို ပြန်ပြီး ခြုံသုံ သုံးသပ်လိုပါတယ်။ VAR ဆွေးနွေးမှု အသံဖိုင်ကို ရလိုက်ခြင်းက ဒီယက်ဇ်ရဲ့ သွင်းဂိုး ဘာကြောင့် ပယ်ဖျက်ခံရလဲဆိုတာ အသင်းဘက်က ရှင်းရှင်းလင်းလင်း သိမြင်ရေး အကူအညီ ဖြစ်ပါလိမ့်မယ်။

ဘာလို့ ဆုံးဖြတ်ချက်ကို ခပ်မြန်မြန် ချခဲ့တာလဲ? ဘာကြောင့် ကြားဝင် တိုက်တွန်းမှု မရှိဘဲ ဆုံးဖြတ်ချက်ကို အမြန် အတည်ပြုကြတာလဲ? လီဗာပူးဘက်က သိလိုပါတယ်။

လီဗာပူးဘက်ကတော့ အခုလို ကြိုးစားနေရတာက အသင်းအတွက်တင် မဟုတ်ပါဘူး၊ လီဗာပူးအသင်းဘက်က ငါတို့ကို အထူး ဂရုစိုက် ဆက်ဆံပေးရမယ်လို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။

ဒီတစ်ကြိမ် အပြည့်အဝ ပြန်လည် စစ်ဆေးခြင်းဟာ အခြားသော ကလပ်တွေအတွက်လည်း တူညီတဲ့ အခြေအနေမျိုးတွေမှာ သေချာလေး အကူအညီဖြစ်စေဖို့၊ ဒီလိုအမှားမျိုး ထပ်မဖြစ်လာဖို့ ရည်ရွယ်ခြင်းပဲ ဖြစ်ပါတယ်။

အသင်းရဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်အတွက် လီဗာပူးအသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေ၊ ဩဇာရှိ လီဗာပူးဖန်ဆိုဒ်တွေ အားလုံးက တက်ညီလက်ညီ ပါဝင်လာကြတာ ဖြစ်ပါတယ်။