

ယာဂင်ကလော့ပ်ကတော့ စပါးပွဲမှ အငြင်းပွားစရာ VAR ဆုံးဖြတ်ချက်အတွက် ဖြေရှင်းဖို့ရာ နည်းလမ်းကတော့ ပွဲကို ပြန်ကစားစေတာပါပဲလို့ ပြတ်ပြတ်သားသား ထုတ်ပြောခဲ့ပါတယ်။
ယူရိုပါလိဂ်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ကလော့ပ်က replay ကစားစေတာက သူမြင်တဲ့ ဖြေရှင်းနည်းအဖြစ် အခုလို ပြောခဲ့ပါတယ်။ LFCThaDin ပရိသတ်တွေအတွက် အင်တာဗျူး အပြည့်အစုံကို ဖော်ပြလိုက်ပါတယ်။
ယာဂင်ကလော့ပ်က “ အသံဖိုင်က ကိစ္စတွေအားလုံးကို ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး။ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို သိရဖို့ ကျနော် စိတ်မဝင်စားပါဘူး။ ဘာလို့လဲဆိုတော့ ကွင်းထဲမှာ ကျနော်တို့ ဂိုးသွင်းပြီး ဂိုးမပေးတာကို မြင်ခဲ့ရပြီးပြီလေ။
အသံဖိုင်ကို စောင့်နားထောင်နေတဲ့အထဲ ကျနော် မပါဘူး။ ကျနော်ကတော့ ဖြစ်ခဲ့တာတွေအတွက် ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာကို အဖြေရဖို့ပဲ မျှော်လင့်နေတယ်။
ကျနော် ပြောချင်တာက ဒါက သိပ်ကို အရေးကြီးတယ်။ ဘောလုံးမှာ အတော်လေး အရေးကြီးတဲ့ ဖြစ်ရပ်ပဲ။ မှန်ကန်တဲ့ နည်းလမ်းနဲ့ ဒါကို ကျနော်တို့ ဖြေရှင်းနိုင်ရမယ်။
ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့ကြသူ အားလုံးကို ကျနော် ပြောနေတာပါ။ ကွင်းထဲက ဒိုင်တွေ၊ စည်းကြပ်ဒိုင်၊ စတုတ္ထဒိုင်၊ အထူးသဖြင့် VAR ပေါ့။ သူတို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။
ဒါက အမှားတစ်ခု၊ သိသာတဲ့ အမှားတစ်ခုဆိုတာ ကျနော်တို့ မမေ့သင့်ပါဘူး။ ကျနော်တို့မှာ ဖြေရှင်းနည်းတွေ ရှိလာဖို့ လိုနေပါတယ်။
အချို့လူတွေ ကျနော်ကို မပြောစေချင်ပေမယ့် ဒီစကားကို အခုပဲ ပြောလိုက်မယ်။ လီဗာပူးမန်နေဂျာ တစ်ယောက် မဟုတ်ဘဲ football person တစ်ယောက်အနေနဲ့ ဒီအမှားအတွက် တစ်ခုတည်းသော အဖြေက ပွဲကို ပြန်ကန်ရတာပဲ ဖြစ်သင့်တယ်။ ဒါက ဖြစ်လာသင့်တဲ့ ဖြေရှင်းနည်းပါ။
ပွဲပြန်ကန်ရတာမျိုး ဖြစ်လာမှာတော့ မဟုတ်ပါဘူး။ ဒီတံခါးကို ဖွင့်လိုက်ပြီဆိုရင် လူတိုင်းက ပွဲပြန်ကန်ဖို့ ကိစ္စတွေကို တောင်းဆိုလာကြတော့မှာပါ။ ဒီဖြေရှင်းနည်းက မကြုံစဖူး နည်းလမ်းတစ်ခု ဖြစ်ပါလိမ့်မယ်။
ကျနော်အသက် ၅၆ နှစ်ရှိပြီ ဘောလုံးလောကထဲ ဝင်လာတာ နှစ် ၅၀ ရှိနေပြီ ဒါပေမယ့် ဒီလိုအမှားမျိုးတော့ လုံးဝကို မမြင်ဖူးပါဘူး။ ဒီတော့ ပြန်ကန်ရတာကပဲ မှန်ကန်တဲ့ ဖြေရှင်းနည်း ဖြစ်လိမ့်မယ်လို့ ကျနော် ထင်တာပါ။
အခုလောလောဆယ် အငြင်းပွားနေတာတွေ အသာထားလိုက်၊ ဒီလိုမျိုး ထပ်ဖြစ်လာမယ်ဆိုရင် ပွဲပြန်ကစားတာကပဲ မှန်မယ်လို့ ကျနော် ထင်တယ်။
ဒါမှမဟုတ် ဒိုင်တွေက နှစ်သင်း နည်းပြကို ခေါ်ပြီး ‘ကျနော်တို့ မှားသွားပြီ ဒါပေမယ့် ကျနော်တို့ ဖြေရှင်းနိုင်တယ်။ လီဗာပူးကို ဂိုးပေးလိုက်မယ်၊ အဲ့ကနေ စကစားကြမယ်’ ဆိုတာမျိုးပေါ့။
ကျနော်တို့ ဂိုးမရခဲ့ဘဲ ၂ မိနစ် အကြာမှာ ဦးဆောင်ဂိုး ပေးလိုက်ရတာပါ။ ကိစ္စတွေက ဒီလိုပဲ တစ်ခုအပေါ် တစ်ခု မူတည်နေပါတယ်။ ဂိုးပေးခဲ့လို့ ကျနော်တို့ ကွင်းလယ်ကနေ ပြန်ကစားကြရင် စပါးဂိုး ဖြစ်လာမှာ မဟုတ်ဘူး။ ပွဲအဖြေကလည်း မတူညီနိုင်တော့ပါဘူး။
ဒါက ကျနော် အမြင်ပါ။ ကျနော် ဒေါသ လုံးဝ မထွက်ပါဘူး။ ဒိုင်တွေက သူတို့ အမှားအတွက် ၁၀၀% စိတ်မကောင်းဖြစ်နေကြမှာ သေချာပါတယ်။ ဘယ်သူမှ ထပ်တိုး ပြစ်ဒဏ်တွေ မလိုပါဘူး။ အဲ့နေ့ ဆုံးဖြတ်ချက်တွေက ကျနော်တို့အတွက် ခက်ခဲခဲ့ပါတယ် ” လို့ ပြောခဲ့ပါတယ်။
စပါးပွဲကို ပြန်ကစားခွင့်ရဖို့ လီဗာပူးအသင်းက ပရီးမီးယားလိဂ်ကို တောင်းဆိုမလားလို့ သတင်းထောက်တွေက ကလော့ပ်ကို မေးမြန်းခဲ့တယ်။
ကလော့ပ်ကပဲ “ ဒီအခြေအနေမှာ ကျနော်တို့ ရလာတဲ့ အချက်အလက်တွေကို လေ့လာနေဆဲပါ။ ကျနော် အမြင်ကတော့ အခြေအနေကို ဦးဆုံး နားလည်အောင် ကြိုးစားရမယ် ပြီးရင် ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်။
ဒါပေမယ့် ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ ထောက်ပြမှုတွေက ရှိနေဦးမှာပဲ။ ဒါကြောင့်ပဲ ပြန်ကန်လိုက်တာက အကောင်းဆုံး ဖြေရှင်းနည်းလို့ ကျနော် မြင်တာပါ ” လို့ ပြောဆိုသွားပါတယ်။