လီဗာပူးက စပါးကို ၄-၃ နဲ့ အနိုင်ရတဲ့ပွဲအပြီး ကွင်းလယ်ဒိုင် တီယာနေးက လီဗာပူးအသင်းနဲ့ ပြဿနာတွေ ရှိနေပြီလို့ ကလော့ပ်က ထုတ်ပြောလာပါတယ်။
ဒီပွဲမှာ လီဗာပူးက ၁၅ မိနစ်နဲ့တင် ၃ ဂိုး ပြတ်ခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ စပါးကွင်းလယ်လူ စကစ်က ဒီယက်စ်ကို ခြေထောက် တက်နင်းခဲ့တာပါ။ အနီကဒ် ပေးသင့်လောက်တဲ့ထိ ပြင်းထန်ခဲ့တဲ့ အဆိုပါ ဖြစ်ရပ်မှာ တီယာနေးက ဘာမှမဖြစ်သလို သတ်မှတ်ခဲ့ပြီး အဝါကဒ်တောင် မပြခဲ့ပါဘူး။
ဒုတိယပိုင်းမှာ စပါးတို့ ခြေပဂိုး ထပ်သွင်းသွားတဲ့ ဖြစ်ရပ်မှာလည်း ဆာလာ ပြစ်ဒဏ်ကိစ္စ ကလော့ပ်က အစာမကြေပါဘူး။ ဂျိုတာ ဂိုးသွင်းလို့ ကလော့ပ် အောင်ပွဲခံရာမှာတော့ တီယာနေးက ကွင်းဘေးထိ ထွက်လာပြီး သတိပေး အဝါကဒ် ပြသခဲ့သလို အချိုးမပြေတဲ့ စကားမျိုး ပြောခဲ့ပါသေးတယ်။
ပွဲအပြီးမှာ ကလော့ပ်ကတော့ ” ကျနော်တို့က ပေါလ်တီယာနေးနဲ့ ဇာတ်လမ်းရှိထားတယ်။ ဒီလူက ဘာကြောင့် ကျနော်တို့ကို မုန်းနေမှန်းကို မသိတာပါ။ သူက ဘာပြဿနာမှ မရှိပါဘူးလို့ ပြောနေပေမယ့် မဖြစ်နိုင်ဘူး။ သူ့ ကျနော်ကို ကြည့်တဲ့ အကြည့်တွေကိုတောင် နားလည်ရ ခက်ခဲပါတယ်။
အင်္ဂလန်မှာ ဒီလို အခြေအနေတွေကို ဘယ်သူမှလည်း ရှင်းပြလေ့ မရှိဘူးလေ။ သူဘာကြောင့် ကျနော်တို့ကို မုန်းနေလဲ ဆိုတာက တော်တော်လေး နားလည်ရ ခက်ခဲတဲ့ အခြေအနေမျိုးလို့ပဲ ပြောရပါမယ်။
တကယ်တမ်းတော့ ကျနော်ရဲ့ အောင်ပွဲခံမှုက မလိုအပ်ပါဘူး။ ကျနော်က စတုတ္ထဒိုင်ကို ဘာမှတောင် ပြောခဲ့တာ မဟုတ်ပါဘဲ သတိပေးခံခဲ့ရတယ်။ ကျနော်ကို အဝါကဒ် ပြချိန် မစ္စတာတီယာနေးရဲ့ စကားပြောတဲ့ အချိုးကကို အဆင်ပြေမနေဘူး ” လို့ ထုတ်ပြောခဲ့ပါတယ်။
ကလော့ပ်နဲ့ တီယာနေးတို့ဟာ ၂၀၂၁ တုန်းကလည်း ပြဿနာတွေ တတ်ခဲ့သေးပြီး အဲ့တုန်းကလည်း စပါးနဲ့ပွဲမှာ ဒိုင်လူကြီးက ကြောင်တောင်တောင် ဆုံးဖြတ်ချက်တွေနဲ့အတူ ပွဲထိန်းခဲ့သေးတာ ဖြစ်ပါတယ်။