ဒါဝင်ရဲ့ အံ့အားသင့်ဖွယ် လွဲချော်မှု၊ ကွင်းလယ် ဟန်ချက်ညီလာခြင်း၊ အလှည့်ကျစနစ်နဲ့ ယူရိုပါလိဂ် နိုင်ပွဲမှ ပြောစရာများ

ဟန်ချက်ညီတဲ့ ကွင်းလယ်

ဟာဗေး၊ ဂရာဗင်ဘက်ချ်နဲ့ ဝါတာရုတို့ တွဲထွက်လာတဲ့ ကွင်းလယ်ဟာ သူ့နေရာနဲ့သူ ကစားခွင့်ရခဲ့ကြတာနဲ့အညီ ကြည့်လို့ အဆင်ပြေခဲ့ပါတယ်။ ဝါတာရုက နံပါတ် ၆ သမား စစ်စစ်ဖြစ်တာကြောင့် ဂရာဗင်ဘက်ချ်နဲ့ ဟာဗေးတို့က တိုက်စစ်ကို ပိုလိုက်ခွင့်ရခဲ့ပါတယ်။

လီဗာပူးကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို အလွယ်ကူဆုံး ပုံစံဖြင့် ဂရာဗင်ဘက်ချ် ရခဲ့တယ်ဆိုပေမယ့် သူ့ရဲ့ တိုက်စစ်လိုက်မှုက အထင်ကြီးဖို့ ကောင်းပါတယ်။ အန်ဒိုကတော့ သူ့ရဲ့ ခံစစ်ပိုင်း အကာအရံအဖြစ် တာဝန်ယူနိုင်မှု စွမ်းရည်ကို ပြသခဲ့ပါတယ်။

ဒီနှစ်ဦးဟာ လက်တလောမှာ ဖလားပွဲတွေအတွင်းမှာပဲ ခြေစွမ်းတိုးတက်လာဖို့ ကြိုးစားနေရပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် အရေးပါတဲ့ ကစားသမားတွေ ဖြစ်လာမယ့် အလားအလာ ရှိပါတယ်။ လီဗာပူး ကွင်းလယ်ဟာ ပိုပြီး တောင့်တင်းလာနေပါပြီ။

ဒါဝင်ရဲ့ အံ့ဩဖွယ် လွဲချော်မှု

ဒါဝင်အနေနဲ့ သူ့ရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်ကို အခုချိန်ထိ မပြင်နိုင်သေးတာက ဒီပွဲမှာ မြင်ရတဲ့ စိတ်ပျက်စရာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ တိုက်စစ်သမားတွေရဲ့ ကောင်းခြင်း ဆိုးခြင်းဟာ သူတို့ သွင်းယူလိုက်တဲ့ သွင်းဂိုးတွေနဲ့ ဆုံးဖြတ်ခံရတာ ဖြစ်ပြီး ရွှေရောင်အခွင့်အရေးတွေကို ဒါဝင် ဖြုန်းတီးခဲ့ပါတယ်။

ကျေနပ်ဖို့ကောင်းတဲ့ အလှည့်ကျစနစ်

ကလော့ပ်ဟာ ဒီရာသီမှာ လူသစ်တွေ၊ လူဟောင်းတွေနဲ့ လူငယ်တွေကို တွဲဘက် နေရာပေးနေပြီး ဒီလို အခွင့်အရေး ရှာပေးနိုင်နေတာက ကျေနပ်စရာပါ။ ဘရိုက်တန်ပွဲကို သေချာပေါက် လွဲချော်မယ့် ဂျိုတာကို ပွဲချိန်ပြည့် ပေးကစားခဲ့ပြီး ဒါဝင်နဲ့ ဆာလာကို ၄၅ မိနစ်တွေ ကစားခွင့် ပေးခဲ့ပါတယ်။

ကွမ်းဆက်၊ ကိုစတက်နဲ့ ဟာဗေးတို့ ပွဲချိန်ပြည့် ကစားခွင့်ရခဲ့ပြီး ဝါတာရုကို ၄၅ မိနစ်ပဲ ကစားစေတာက ဘရိုက်တန်ပွဲမှာ ဝါတာရု၊ မာကာ၊ ဆိုဘို တွဲလုံး မြင်ရဖို့များလား တွေးဆမိပါတယ်။ ထရန့်ကလည်း ပွဲကစားချိန် ပြန်ရနေပါပြီ။

ဒီပွဲမှာ လီဗာပူးကစားသမားတွေဟာ ရင့်ကျက်တဲ့ ခြေစွမ်းတွေ ပြသခဲ့ပြီး စွမ်းဆောင်ရည် အမြင့်ဆုံး မဟုတ်ပေမယ့် ရယူဖို့ လိုအပ်တဲ့ နိုင်ပွဲကို ရအောင် ယူခဲ့ကြတာကို မြင်ခဲ့ရပါတယ်။

မက်ကယ်လစ္စတာ ညီအကို

ဒီပွဲဟာ အန်ဖီးကွင်းမှာ အိမ်ကွင်းပရိသတ်တွေကော၊ အဝေးကွင်း ပရိသတ်တွေ အတွက်ပါ ခံစားချက်အချို့ ရစေခဲ့ပါတယ်။ မာကာနဲ့ ကယ်ဗင်တို့ မက်ကယ်လစ္စတာ ညီအကို နှစ်ဦး ဒုတိယပိုင်းအတွင်း ကွင်းထဲမှာ ထိပ်တိုက်တွေ့ခွင့်ရခဲ့တာပါ။ ဘောလုံးမှာတော့ ညီအကိုရင်းတွေ အခုလို ထိပ်တိုက်တွေ့တာက ရှားပါးဖြစ်စဉ်ပဲ ဖြစ်ကာ သူတို့ရဲ့ ဖခင်က အတော်လေး ဂုဏ်ယူနေပါတယ်။

ဘယ်ဂျီယံ ပရိသတ်တွေဟာ အဝေးကွင်း လာရောက် ကစားပြီး ကောင်းမွန်တဲ့ အားပေးမှု ပုံစံတွေကို ပြသခဲ့ပါတယ်။ ဥရောပမှာ ကြွယ်ဝတဲ့ အမွေးအနှစ်တွေရှိတဲ့ လီဗာပူးပရိသတ်တွေဟာ ဒီလို စိတ်ဓါတ်ကောင်းတဲ့ ပြိုင်ဘက် ပရိသတ်တွေအတွက် ရှေ့ဆောင် လမ်းပြဖြစ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာသီတင်းပတ်

ဘရိုက်တန်ပွဲဟာ အောက်တိုဘာ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် နောက်ဆုံး အမှတ်ပေးပွဲဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဘရိုက်တန်ကွင်းထံ သွားကစားထားတဲ့ နောက်ဆုံးပွဲအချို့မှာ ရလဒ် မကောင်းပါဘူး။

ဒီရာသီ ကြီး ၆ ကြီး ပြိုင်ဘက် ၂ သင်းနဲ့ ထိပ်တိုက်တွေ့ပြီးဖြစ်တဲ့ လီဗာပူးဟာ နယူးကာဆယ်၊ ဝက်စ်ဟမ်း၊ အက်စတွန်ဗီလာလို အသင်းကောင်းတွေနဲ့လည်း ယှဉ်ပြိုင်ပြီးပါပြီ။ ဘရိုက်တန်နဲ့ အဝေးကွင်းပွဲကို ရလဒ်ကောင်းမယ်ဆိုရင် အသင်းရဲ့ တာထွက်ဟာ အတော်လေး ကောင်းမွန်မှု ရှိသွားမှာ ဖြစ်ပါတယ်။