

ဘရိုက်တန်ပွဲကြိုမှာ နည်းပြကလော့ပ်က ဒဏ်ရာရ ကစားသမားတွေအကြောင်း ထုတ်ပြောလာခဲ့ပြီး သီယေဂိုဟာ ဒုတိယအကြိမ် ဒဏ်ရာ ပြန်ထိမှု ရှိခဲ့တယ်လို့ သိရပါတယ်။
တင်ပါးဆုံ ဒဏ်ရာခွဲစိတ်မှု လုပ်ခဲ့ရတဲ့ သီယေဂိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်ခင်တည်းက အနားယူနေရတာဖြစ်ပါတယ်။ သူပြန်ကစားလာနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် နိုင်ငံတကာ သီတင်းပတ် ၂ ခုမှာ ဒဏ်ရာ ၂ ကြိမ် ပြန်ရခဲ့တာ ဖြစ်ပါတယ်။
ကလော့ပ်ကပဲ “ သီယေဂို အခြေအနေကတော့ စိတ်ရှုပ်စရာပါ။ ပြန်လည် ထူထောင်မှု လုပ်နေစဉ် ဒုတိယအကြိမ် ဒဏ်ရာ ပြန်ရမှု ဖြစ်ခဲ့ပါတယ်။ အရမ်းကြီး မပြင်းထန်ပေမယ့် ကွင်းအပြင်မှာပဲ ဆက်ရှိနေမှာပါ။ ဒဏ်ရာကလည်း အရင်နေရာ မဟုတ်ပါဘူး ဒါပေမယ့် ခပ်ဆင်ဆင်ပါပဲ။
ဘာ့ဆဲတစ်အတွက်လည်း သူ့ ဒဏ်ရာက စိတ်အနှောက်အယှက် ဖြစ်စရာပါပဲ။ မိနစ် အနည်းငယ် ကစားခဲ့ပြီး နည်းနည်းလေး နာကျင်မှု ရှိနေခဲ့တာပါ။ ကာလရှည် ဒဏ်ရာမျိုး ရခဲ့ပြီး အခုလို မသက်မသာ ခံစားရတာမျိုးက ဖြစ်တတ်ပါတယ်။
သူတို့ ဘယ်အချိန် ပြန်ကစားနိုင်မယ် ကျနော် မသိဘူး။ သူတို့ ပြန်ကစားနိုင်ဖို့ကို မလောပါဘူး။ နိုင်ငံတကာပွဲတွေအပြီး သူတို့ ပြန်လာနိုင်မလား ကြည့်ရပါမယ်၊ ပြန်လာနိုင်ရင်တော့ ကောင်းပါမယ် ”
အခြားသော ဒဏ်ရာရ ကစားသမား ၂ ဦးဖြစ်တဲ့ ဂက်ပိုနဲ့ ဘရတ်ဒလေတို့ကတော့ စပိန်သား နှစ်ဦးထက် ပိုပြီး ရှေ့ရောက်နေပါတယ်။ ဂက်ပိုက နိုင်ငံတကာ သီတင်းပတ်အပြီး ပြန်လာဖွယ် ရှိသလို ဘရတ်ဒလေကလည်း အပြေးလေးကျင့်ရေးတွေ စတင်နေပါပြီ။
“ ကိုဒီကတော့ နိုင်ငံတကာ သီတင်းပတ်အပြီး ပြန်လာနိုင်မယ့် အနေအထားကောင်းမှာ ရှိပါတယ်။ အခုတင်ကို ခြေအကာ မပါဘဲ ပုံမှန်အတိုင်း လမ်းလျှောက်နေပါပြီ။ အဆိုးဆုံး အခြေအနေဖြစ်မယ့် အရေးက ရှောင်နိုင်ခဲ့ပေမယ့် ဒဏ်ရာတော့ ရခဲ့တာပဲ ဖြစ်ပါတယ်။
ဘရတ်ဒလေက ပြန်သက်သာလာနေပါပြီ၊ သူ စပြေးကြည့်နေပြီ။ သူ့အသက်အရွယ်နဲ့ သူ့လို ဒဏ်ရာမျိုးက ပိုကောင်းလာဖို့ သေချာလေး အချိန်ပေးရမှာပါ။ ” လို့ နည်းပြကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။