အကဲပိုနေကြတဲ့ ထရန့် x ဒွန်၊ ဂွာဒီယိုလာရဲ့ ပြိုင်ဘက်စာရင်း၊ အန်ဒရီကို ခေါ်ယူနိုင်ဆဲနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဘရိုက်တန်ပွဲမှာတော့ ကာတစ်ဂျုံးနေရာ ဂရာဗင်ဘက်ချ်ကို တိုက်ရိုက် ထည့်ကစားဖို့ ဒါမှမဟုတ် မက်ကယ်လစ္စတာကို ကာတစ်ဂျုံးနေရာ ရှေ့ဆက်စေပြီး အနောက်မှာ ဝါတာရုကို ထည့်ဖို့ ရွေးချယ်မှု နှစ်ခုလုံးက လူကြိုက်များနေပါတယ်။

သီယေဂို ဒုတိယအကြိမ် ဒဏ်ရာ ပြန်ရခဲ့ပေမယ့် အောက်တိုဘာလ အကုန်ပိုင်းမှာ ဘာ့ဆဲတစ်၊ ဂက်ပို၊ ဘရတ်ဒလေတို့နဲ့အတူ လေ့ကျင့်ရေးကွင်းထဲ ပြန်ရောက်လာမယ် မျှော်လင့်လို့ ရနေဆဲ ဖြစ်ပါတယ်။

စပါးပွဲအပြီး ရိုမဲရိုးကို မင်းတို့ ၁၂ ယောက်မို့ နိုင်သွားတာလို့ ကောမန့်ပေးခဲ့တဲ့ မက်ကယ်လစ္စတာကို အက်ဖ်အေဘက်က အပြစ်ပေးသွားတော့မှာ မဟုတ်ပါဘူး။

ပရိသတ်တွေ မဲပေးရွေးချယ်ခွင့်ရမယ့် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်းထဲ ဆာလာ ပါဝင်နေပါတယ်။

ဂွာဒီယိုလာကတော့ ဒီရာသီ စီးတီးရဲ့ ပြိုင်ဘက်တွေအဖြစ် လျာထားစာရင်းမှာ အာဆင်နယ်နဲ့ လီဗာပူးကို ထိပ်ဆုံးက ထည့်ထားကြောင်း ထုတ်ပြောခဲ့ပါတယ်။

နိုင်ငံတကာသီတင်းပတ်အတွက် အင်္ဂလန် ယူ-၂၁ အသင်းမှာ ဟာဗေးအပြင် ကွမ်းဆက်လည်း ရွေးချယ်ခံရပါတယ်။ ကွမ်းဆက်ဟာ ယူ-၂၁ အဆင့်ကို ပထမဆုံး အကြိမ် ကိုယ်စားပြုခွင့်ရမှာပါ။

ထရန့်နဲ့ ဒွန်တို့ဟာ လေ့ကျင့်ရေးကွင်းမှာ အတော်လေး အတွဲမိနေကြပြီး ဒီတလော ဘယ်အစွန်လူ ရိုဘိုထက် ဟန်ဂေရီအသင်းခေါင်းဆောင်ကို ထရန့်က ပိုမိုခင်မင်နေတာ ဖြစ်ပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကွင်းလယ်လူ အန်ဒရီဟာ လီဗာပူးအသင်းထံ ပြောင်းလာဖို့က ဖြစ်နိုင်နေဆဲဖြစ်ပါတယ်။ သူပါဝင်နေတဲ့ ဘရာဇီးကလပ်ဟာ တောင်အမေရိက ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ထံ ရောက်ရှိနေပါတယ်။

နယူးကာဆယ်ကနေ လီဗာပူးကို ပေါင် ၃၅ သန်းဖြင့် ရောက်ရှိခဲ့တဲ့ အန်ဒီ ကာရိုးက ဆေးစစ်တာ မအောင်ဖို့ သူ ဆုတောင်းခဲ့ပြီး လီဗာပူးထံ မပြောင်းလိုခဲ့ဘူးလို့ ထုတ်ပြောသွားပါတယ်။