ဇန်နဝါရီမှာ ခံစစ်မှူးသစ် ချိတ်ဆက်ဖွယ်ရှိခြင်း၊ ခြေစွာနေတဲ့ လူငယ်ကြယ်ပွင့်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

မာကာ၊ ဒွန်နဲ့ ရိုင်ယန် ကွင်းလယ်အတွဲဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်တန်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကာရေဂါက ထောက်ခံလိုက်ပါတယ်။

ဘရိုက်တန်နည်းပြ ဒီဇာဘီကတော့ မနှစ်ကရာသီမှာ VAR အမှားကြောင့် ပရီးမီးယားလိဂ်ဘက်က သူတို့ကို တောင်းပန်စာ ၄ ကြိမ် ပို့ခဲ့တယ်လို့ ထုတ်ပြောသွားပါတယ်။

ယာဂင်ကလော့ပ်ဟာ သူ့ရဲ့ တပည့်တွေကို ဘယ်တော့မှ ဝေဖန်မှုတွေအောက် နစ်မွန်းမခံဘဲ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးတယ်လို့ ဒေါ့မွန်ကြယ်ပွင့်ဟောင်း ဘိုတန်က ဆိုပါတယ်။ ဒါကြောင့်ပဲ ကစားသမားတွေက ကလော့ပ်အတွက် သေသေရှင်ရှင် အားထုတ်ပေးတာပါလို့ သူက ထုတ်ပြောခဲ့ပါတယ်။

ယူရိုပါလိဂ်မှာ မာကာတို့ ညီအကို ထိပ်တိုက်တွေ့ခြင်းကို ဘောလုံးကမ္ဘာ့မှာ ညီအကို အရင်းနှစ်ဦး ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ခြင်းအဖြစ် တင်စားနေတဲ့ ကလော့ပ်ကို သတင်းထောက်တွေက နဗီး ညီအကိုလည်း ပရီးမီးယားလိဂ်မှာ ထိပ်တိုက်တွေ့လေ့ရှိကြောင်း ထောက်ပြခဲ့တယ်။

ကလော့ပ်ကတော့ သူတို့ နဗီး ညီအကို ထိပ်တိုက်တွေ့တာ ဘယ်သူက စိတ်ဝင်စားလို့လည်းလို့ ရယ်မောပြီး ဂယ်ရီနဗီးတို့ကို လှောင်ပြောင်ခဲ့ပါတယ်။

လေဗာကူဆင် ခံစစ်သမား Piero Hincapie ရဲ့ အေးဂျင့်ဖြစ်သူက သူတို့ရဲ့ ခံစစ်သမားကို လီဗာပူးဘက်က စိတ်ဝင်စားနေပြီး ဇန်နဝါရီမှာ ကြိုးစားလိမ့်မယ်လို့ ထုတ်ပြောလာပါတယ်။

ဒီရာသီ ဗန်ဒိုက်ရဲ့ ဒဏ်ကြေး ပေါင် ၁ သိန်း အပါအဝင် လီဗာပူးအသင်းဟာ အက်ဖ်အေကို ဒဏ်ကြေး ပေါင် ၁၂၅၃၂၀ ထိ ဒဏ်ကြေး ဆောင်ခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးနည်းပြအဖွဲ့က ခံစစ်မှူး ကွမ်းဆက်အပေါ် အတော်လေး မျှော်လင့်ထားပြီး ထရန့်နောက်ပိုင်း အကယ်ဒမီရဲ့ အကောင်းဆုံး ထုတ်ကုန် ဖြစ်လာဖို့ထိ အမှတ်ပေးထားကြပါတယ်။

၁၆ နှစ်အရွယ် ကွင်းလယ်လူ နီယွန်နီဟာ ဒီရာသီ လူငယ်အသင်းမှာ ၅ ပွဲကစား ကိုယ်တိုင် ၆ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ထားနိုင်ပါတယ်။