စကားပြောနေရဆဲ VAR၊ စပါးပွဲ သက်ရောက်မှု၊ ကွင်းလယ်ခံစစ်မှာ ရုန်းကန်ရတဲ့ မာကာ၊ အကောင်းမြင်နိုင်ဆဲ တာထွက်မှုနဲ့ ဘရိုက်တန် ၂-၂ ပွဲစဉ်အပြီး ပြောစရာများ

တစ်ဦးချင်း အမှားတွေရဲ့ သက်ရောက်မှု

ဘရိုက်တန်ပွဲမှာတော့ လီဗာပူးအသင်းဟာ အာရုံစူးစိုက်မှု အားနည်းခဲ့ပြီး အဲ့ကပေးတဲ့ အပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ ပထမဂိုးမှာကော၊ ဒုတိယဂိုးမှာပါ ပြိုင်ဘက်က အရမ်း ကောင်းသွားလို့ ဆိုတာထက် မာကာနဲ့ ရိုဘိုတို့ရဲ့ တစ်ဦးချင်း အားနည်းခဲ့မှုကနေပဲ အခွင့်အရေး လွယ်လွယ်ကူကူ ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲမှာ လီဗာပူးရဲ့ ကစားပုံကို အားမရပေမယ့် ပြိုင်ဘက်ရဲ့ ခြေစွမ်းနဲ့လည်း ချိန်ထိုးကြည့်ရမှာပါ။ ဒီနှစ်တွေမှာ ဘရိုက်တန်ကို အသင်းငယ်အဖြစ် ယူဆလို့ မရပါဘူး။ သူတို့အသင်းဟာ ကစားပုံ အဆင့်တစ်ခုမှာရှိနေပြီး ဒီပွဲမှာ သူတို့ ကိုယ်တိုင်ကလည်း လီဗာပူးကြောင့် ကစားပုံ ကောင်းကောင်းမရခဲ့ပါဘူး။

ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ပွဲမှာ ဗီလာကို ၆ ဂိုးပြတ် ရှုံးထားတာမို့ အိမ်ကွင်း ပရိသတ်တွေရှေ့ အတော်လေး လုပ်ပြချင်နေပြီး သူတို့အသင်းကို လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးရနိုင်ချေပိုင်း ပိုသာစွာ ကစားခဲ့ပါတယ်။ လူစားလဲဖို့ တိုက်စစ်သမား မရှိတာကလည်း အသင်းကို ထိခိုက်စေခဲ့ပါတယ်။

မာကာနဲ့ နံပါတ် ၆ နေရာ အံမဝင်

ပွဲထွက်လူစာရင်းမှာ ဟာဗေး၊ ဆိုဘို၊ မာကာတို့ကို တွဲထုတ်လာခဲ့ရာမှာ တော်တော်လေး အားနည်းပါတယ်။ ကာတစ်ဂျုံးဟာ ဘယ်ခြမ်း ကွင်းလယ်နေရာမှာ အတော်လေး ခြေစွမ်းကောင်းပြီး သူ့ရဲ့ အားသာချက်က ဆိုဘိုနဲ့အပြိုင် ဖိအားပေးနှုန်း မြင့်မားတာရယ်၊ ကွင်းလယ် ဟန်ချက်ညီအောင် ကူညီပေးနိုင်စွမ်း ရှိတာရယ်ပါ။

ဟာဗေးဟာ ဆာလာရဲ့ အဖွင့်ဂိုးအတွက် ပါးနပ်တဲ့ လှုပ်ရှားမှု လုပ်ခဲ့ပေမယ့် ကာတစ်ဂျုံး ကစားနိုင်သလောက် မာကာ၊ ဆိုဘိုတို့နဲ့ တွဲကစားနိုင်ခြင်း မရှိပါဘူး။ ဂရာဗင်ဘက်ချ် ဒုတိယပိုင်း ဝင်လာပြီး ကစားပုံ မဆိုးပေမယ့် မာကာရဲ့ တာဝန်ကို ခွဲယူပေးနိုင်ခြင်း မရှိပါဘူး။

လီဗာပူးအသင်းမှာ ကွင်းလယ်ခံစစ်သမား စစ်စစ် မရှိတာကြောင့် တွဲဘက် ကွင်းလယ်လူတွေဟာ ဘောလုံးကို ဖိအားပေးမှုတွေ ဆက်တိုက်လုပ်ခြင်းနဲ့ ဘောလုံး ပြန်လုပေးရေးတွေမှာ အားထုတ်ဖို့ လိုပါတယ်။ မာကာဟာ တရစပ် ပြေးလွှားပြီး ဘောလုံးလုယူခြင်းတွေ လုပ်ဖို့ အားသန်သူမျိုး မဟုတ်ပါဘူး။

ဘောလုံး ပိုင်ဆိုင်ထားချိန်မှာလည်း မာကာထံက ဆုံးဖြတ်ချက် မပြတ်မသား လုပ်ရပ်တွေ မြင်နေရတာက ဒီနေရာမှာ သူ ကစားရခက်ခဲနေတယ် ဆိုတာ ပေါ်လွင်ပါတယ်။

စပါးပွဲ နောက်ဆက်တွဲ အထိနာမှု

လက်ရှိ လီဗာပူးလူစာရင်းမှာ ကာတစ်ဂျုံး ၃ ပွဲပယ်၊ ဂျိုတာ ၁ ပွဲပယ်နဲ့ ဂက်ပို ဒဏ်ရာတို့ ရှိနေတာပါ။ အကယ်လို့ သူတို့ရှိနေမယ်ဆိုရင် ဘရိုက်တန်ပွဲ ပွဲချိန် ၆၅၊ ၇၀ လောက်မှာတည်းက ဒီယက်ဇ် နေရာ လူစားလဲမှု လုပ်ထားပြီး ဖြစ်နေပါပြီ။ ဒီယက်ဇ်ရတဲ့ အခွင့်အရေးမျိုးတွေ ဂျိုတာဆိုရင် အနည်းဆုံး ၁ ဂိုးတော့ သေချာပါတယ်။

နည်းစနစ်ပိုင်း အပြောင်းအလဲ ပြုလုပ်ဖို့ ရွေးချယ်စရာ နည်းပါးခြင်းကလည်း ဘရိုက်တန်ပွဲကို အနိုင်မရခဲ့ခြင်း အကြောင်းရင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။

စကားပြောနေရဆဲ VAR

ဒါဝင်က ဆိုဘိုစလိုင်းကို ဘောလုံးပေးချိန် ဧရိယာထဲမှာ ပြိုင်ဘက် ကစားသမားက ဆိုဘိုကို ဆွဲလဲခဲ့ပါတယ်။ တိုက်စစ်ပိုင်း ကစားသူက ဂိုးရနိုင်တဲ့ အခွင့်အရေး ရှိနေချိန် ဟန့်တားသူဟာ ဘောလုံး ကစားခြင်း မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်စစ်သမားကို ဆွဲလဲခဲ့တာပါ။ ဒီအတွက် ဥပဒေက အနီကဒ် ဖြစ်ပါတယ်။

၂-၁ ဖြစ်နေမယ် ပြိုင်ဘက်က အနီကဒ်ဖြစ်မယ်ဆိုရင် ဒီပွဲဟာ လီဗာပူးပွဲဖြစ်မှာ သေချာပါတယ်။ ဒါပေမယ့်လို့ ဒီလို ကံကောင်းမှုမျိုးကို လီဗာပူးအသင်း မခံစားခဲ့ရပါဘူး။ ဗန်ဒိုက်ရဲ့ ဒူးကို ဘောလုံးထိမှန်ပြီး ပြန်စင်ရာမှာ လက်ထိဘော ဖြစ်ခဲ့တာကို ပင်နယ်တီ မပေးဖို့ မှန်ကန်စွာ ဆုံးဖြတ်ပေးခဲ့တာအတွက်ပဲ ကံကောင်းလှပြီလို့ ကျေးဇူးတင်ရတော့မှာပါ။

အခုချိန်ထိ ကောင်းမွန်တဲ့ တာထွက် ဖြစ်နေဆဲ

ဘောလုံးရာသီအစ ၈ ပွဲမှာတင် လီဗာပူးအသင်းဟာ ကြီး ၆ ကြီး ပြိုင်ဘက် ၂ သင်းဖြစ်တဲ့ ချယ်ဆီး၊ စပါးတို့ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ထားပါပြီ။ အဆင့် ၄ နေရာ အဓိက စိန်ခေါ်မယ့် ကလပ်တွေထဲက နယူးကာဆယ်၊ ဘရိုက်တန်တို့ကိုလည်း အဝေးကွင်း သွားရောက် ရင်ဆိုင်ထားပါတယ်။

ဝက်စ်ဟမ်း၊ ဗီလာတို့ကိုလည်း အနိုင်ရထားတယ်။ ဒီအခြေအနေမှာ ဇယားထိပ်က စပါးနဲ့ ၃ မှတ် အကွာက ရှိနေပါတယ်။ လီဗာပူးအသင်းရဲ့ ဒီရာသီ တာထွက်က ကျစ်လစ် ကောင်းမွန်ဆဲလို့ ပြောလို့ရပါတယ်။

ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မယ် ပြောဖို့ကတော့ ခက်ခဲပါတယ်။ စပါး၊ ဘရိုက်တန် နှစ်သင်းထဲက တစ်သင်းကို နိုင်ခဲ့ရင် အဲ့လို ပြောလို့ရပေမယ့် အခု အခြေအနေက တတ်နိုင်သလောက် ရလဒ်တွေ ယူဖို့ကိုပဲ အာရုံစိုက်ထားသင့်ပါတယ်။