ပြစ်ဒဏ်ဘော မဟုတ်တဲ့ အခြေအနေကနေ ဘရိုက်တန်အသင်း ဂိုးရခဲ့တယ်လို့ ဒီဇာဘီ ဝန်ခံ

ဘရိုက်တန်နည်းပြ ဒီဇာဘီက သူ့အသင်းဟာ ကံကောင်းတဲ့ အခြေအနေကနေ ပြစ်ဒဏ်ဘော ရခဲ့ပြီး ခြေပဂိုး သွင်းယူနိုင်ခဲ့တာလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါတယ်။

၂-၁ ဖြင့် လီဗာပူး ဦးဆောင်နေချိန် ဆိုလီမက်စ်က ထရန့်နဲ့ ကိုနတေးကြားကနေ ကြားဝင်ခဲ့ပြီး လဲကျခြင်းကို ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော ပေးခဲ့တာပါ။ ရော်ဘတ်ဆန်ရဲ့ ခံစစ်ပိုင်း ကာကွယ်ပုံ အားနည်းခြင်းက တစ်ဆင့် Dunk က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်အတွက် သူတို့ ကံကောင်းခဲ့ကြောင်း ဒီဇာဘီက ဝန်ခံပေမယ့် ဗန်ဒိုက်ရဲ့ လက်ထိဘောကတော့ ပင်နယ်တီ ရခဲ့သင့်တာပါလို့ သူ့အမြင်ကို ထုတ်ပြောပါသေးတယ်။

ဒီဇာဘီကပဲ “ ဗန်ဒိုက်ဖြစ်ရပ်က ပင်နယ်တီလို့ ကျနော် ထင်တယ် ဒါပေမယ့် ကျနော်တို့ရဲ့ ဒုတိယဂိုးကတော့ ပြစ်ဒဏ်ဘော မပေးခဲ့သင့်ပါဘူး။ ကျနော်ကတော့ ကိုယ်အမြင့်ကို ရိုးရိုးသားသားပဲ ပြောတယ်၊ ဒီအကြောင်း ယာဂင်ကိုလည်း ပြောပြခဲ့ပြီးပါပြီ ” လို့ တုန့်ပြန်သွားပါတယ်။

ကွင်းထဲမှာတော့ ဒီဇာဘီနဲ့ ကလော့ပ်တို့ဟာ အချင်းချင်း လေးစားမှု ပြသခဲ့ကြကာ အဝါကဒ် ပြသခံထားရတဲ့ ဘရိုက်တန်နည်းပြ နောက်တစ်ဝါ မထိဖို့ ကလော့ပ်က သွားရောက် တားဆီးပေးခဲ့သေးတာပါ။ ဘရိုက်တန်နည်းပြကတော့ ကလော့ပ်အပေါ် သူ့ရဲ့ အထင်ကြီးမှုကို အခုလို ပြောပါသေးတယ်။

“ ကျနော် ကလော့ပ်ကို နှစ်သက်တယ်။ သူ လုပ်ချင်တာ လုပ်လို့ရတယ် ဘာလို့လဲဆိုတော့ ကျနော် သူ့ကို အရမ်းကြီး လေးစားတယ်လေ။ ကမ္ဘာ့အကောင်းဆုံး နည်းတွေထဲက တစ်ဦးလို့ကို ကျနော်က ထည့်တွက်ထားတယ်။

သူ့ရဲ့ အပြုအမှုတွေကိုလည်း ကျနော် သဘောကျတယ်။ သူ ပြောသမျှ စကားတွေမှာ ၉၉% လောက်က ကျနော် သဘောတူတာချည်းပဲ။ အဲ့ဖြစ်ရပ်မှာ ပင်နယ်တီ ရသင့်တယ်လို့ ထင်မိလို့ ဒိုင်ကို စောဒက တက်နေရတာ ဖြစ်ပါတယ် ” လို့ ဒီဇာဘီက ဆက်ပြောခဲ့တာ ဖြစ်ပါတယ်။

အဲ့ပွဲအတွင်း ဆိုဘိုစလိုင်းကို Pascal Gross နောက်ကနေ ဆွဲလဲခဲ့ပေမယ့် အဆိုပါဖြစ်ရပ်ကို အနီကဒ်ပြဖို့ ငြင်းပယ်ခဲ့တဲ့ VAR ဆုံးဖြတ်ချက်ကလည်း အငြင်းပွားစရာ ဖြစ်ခဲ့သေးတာ ဖြစ်ပါတယ်။