“ရူးနေတယ် ထင်ရင်လည်း ထင်ကြပါစေ” ဆိုပြီး ကလော့ပ်ရဲ့ လူစာရင်းကနေ ဖယ်ထုတ်ခံရသင့်သူကို ထောက်ပြလာ

ဘရိုက်တန်ကို အဝေးကွင်းမှာ ၂-၂ သရေကျပြီးတဲ့နောက် ယာဂင်ကလော့ပ်ရဲ့ ပွဲထွက် လူစာရင်းမှာ ရော်ဘတ်ဆန်ကို ဆက်သုံးသင့်လား အပေါ် မေးခွန်းထုတ်မှု ပိုမို ကျယ်ပြန့်လာပါတယ်။

ဟူးစီးတီးကနေ လီဗာပူးအသင်းထံ ရောက်လာပြီးတဲ့နောက် တောင်ပံတစ်လျှောက် အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့တဲ့ ရော်ဘတ်ဆန်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ဘယ်အစွန်လူ တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အခု အခြေအနေမှာ အဲ့လို မမြင်သူတွေ များလာခဲ့ပါပြီ။

ယာဂင်ကလော့ပ်ရဲ့ စနစ်သစ်မှာ စတေးခံလိုက်ရတဲ့ ကစားသမားက ရော်ဘတ်ဆန်ဖြစ်ပြီး တိုက်စစ်လိုက်မှု ကန့်သတ်ခံလိုက်ရသလို သူ့ထံက မြင်နေကျ ဖြတ်တင်ဘောတွေလည်း မတွေ့ရတော့ပါဘူး။ စနစ်သစ်မှာ ရော်ဘတ်ဆန်ဟာ ဗဟိုခံစစ်မှူး ပုံစံ ကစားနေရတာပါ။

မနှစ်ကရာသီ ခြေအတက်အကျ များခဲ့သလို ဒီရာသီမှာလည်း တစ်ဦးချင်း အမှားတွေ များပြီး ခြေစွမ်း မတည်ငြိမ်ဖြစ်နေတဲ့ ရော်ဘတ်ဆန်နေရာ အစားထိုးသင့်ပြီဆိုတဲ့ အသံတွေ အတော်လေး ထွက်လာခဲ့တယ်။ အဲ့ထဲမှာတော့ လီဗာပူးနဲ့ အင်္ဂလန် ကစားသမားဟောင်း ပင်းနန့်လည်း ပါဝင်လာပါတယ်။

ဂျာမိန်း ပင်းနန့်က ” လီဗာပူးအသင်းရဲ့ အားနည်းချက်က တစ်နေရာတည်း ရှိနေတယ်လို့ ကျနော် မြင်တယ်။ ဒီလို ပြောလို့ ရူးနေလားဆိုပြီး လူတွေက မှတ်ချက်ပေးကြဦးမယ်။ အဲ့အားနည်းချက်က ရော်ဘတ်ဆန်ပါပဲ။

ဇန်နဝါရီမှာ လီဗာပူးအသင်း ပိုကောင်းတဲ့ ဘယ်အစွန်လူကို ခေါ်ယူသွားပါစေ ကျနော် မျှော်လင့်တယ်။ သူက လီဗာပူးအတွက် ကောင်းမွန်စွာ အသုံးတော်ခံထားခဲ့ပါတယ် ဒါပေမယ့်လို့ အခုချိန်မှာ ရော်ဘတ်ဆန်ရဲ့ ကစားသမားဘဝ နောက်ဆုံး အချိန်ကို ရောက်နေပါပြီ။

လီဗာပူးက အခြားသော ဘယ်ခြမ်း ကစားသမား လိုပါတယ်။ ကျနော်ကတော့ ညာခြမ်းကော ဘယ်ခြမ်းပါ ကစားနိုင်တဲ့ ကန်ဆယ်လိုကို လိုချင်ပါတယ်။ ဒါပေမယ့် လီဗာပူး ကစားသမား ခေါ်ယူရေးက အကောင်းဆုံး စီမံနိုင်မယ် ထင်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ လီဗာပူးအသင်းမှာ ရော်ဘတ်ဆန်နေရာ အစားထိုးဖို့ ကိုစတက်ရှိနေပြီး လူငယ်ထဲကဆိုရင် လုချမ်ဘာ ရှိနေတာ ဖြစ်ပါတယ်။ ဗဟိုခံစစ်မှူး တစ်ဦးဖြင့် တိုက်ရိုက် အစားထိုးဖို့ဆိုရင်တော့ ကွမ်းဆက် ရှိနေပါလိမ့်မယ်။