အောက်တိုဘာလ နိုင်ငံတကာ သီတင်းပတ်မှာ အသင်းသား ၁၆ ဦး စေလွှတ်ပေးရမယ့် လီဗာပူးအသင်း

အောက်တိုဘာလ နိုင်ငံတကာ သီတင်းပတ်မှာ လီဗာပူးအသင်းဟာ အသင်းသား ၁၆ ဦးကို သက်ဆိုင်ရာ လက်ရွေးစင် အသင်းတွေထံ စေလွှတ်ပေးရမှာ ဖြစ်ပါတယ်။

ဂရာဗင်ဘက်ချ်၊ ကာတစ်ဂျုံး၊ ဂိုးမက်စ်တို့က လက်ရွေးစင်အသင်းတွေအတွက် ခေါ်ယူခြင်း မခံခဲ့ရပါဘူး။ ဂက်ပို၊ သီယေဂို၊ ဂလယ်ဟာ၊ ဘာ့ဆဲတစ်၊ ကော်နာ ဘရတ်ဒလေတို့ကတော့ ဒဏ်ရာတွေကြောင့် အနားယူနေရကာ နိုင်ငံတကာ သီတင်းပတ် အပြီး ပြန်လာနိုင်တော့မှာပါ။

အင်္ဂလန်အတွက် ထရန့် ပါဝင်သွားပြီး ဘရာဇီးအသင်းအတွက် အယ်လီဆန် ရွေးချယ်ခံရကာ ဒါဝင် နူးညက်စ်ရဲ့ ဥရုဂွေးဖြင့် ထိပ်တိုက်တွေ့ပါမယ်။ ဒါ့အပြင် ဒါဝင်တို့ရဲ့ ဥရုဂွေးဟာ နိုင်ငံတကာ သီတင်းပတ်အတွင်း ဒီယက်ဇ်ရဲ့ ကိုလံဘီယာနဲ့လည်း ထိပ်တိုက်တွေ့ဖို့လည်း ရှိနေပါတယ်။

ဗန်ဒိုက်ကတော့ နယ်သာလန်အသင်းနဲ့အတူ ကိုနတေး ပါဝင်မယ့် ပြင်သစ်၊ ကိုစတက် ပါဝင်မယ့် ဂရိတို့ဖြင့် ထိပ်တိုက်တွေ့ပါမယ်။ ပြင်သစ်အသင်းဟာ ရော်ဘတ်ဆန် ဦးဆောင်နေတဲ့ စကော်တလန် အသင်းနဲ့လည်း ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။

မာကာ၊ ဆိုဘို၊ ဆာလာ၊ ဂျိုတာ၊ ဝါတာရုတို့ကလည်း သက်ဆိုင်ရာ လက်ရွေးစင် အသင်းတွေအတွက် ခေါ်ယူခံထားရပါတယ်။ ဟာဗေးနဲ့ ကွမ်းဆက်တို့က အင်္ဂလန် ယူ-၂၁၊ ဗန်ဒုတ်က စကော့တလန် ယူ-၂၁ အသင်းတို့အတွက် သွားကစားမှာပါ။

အငှားထွက်နေတဲ့ အိုဝင်ဘက်ကို ဝေးလ်လက်ရွေးစင် အသင်းကြီးက စတင် ခေါ်ယူခဲ့ကာ တွမ်ဟေးကတော့ ဝေးလ် ယူ-၂၁ အသင်းမှာ ပါဝင်ပါမယ်။

လုချမ်ဘာက အင်္ဂလန် ယူ-၂၀၊ စကန်လွန်က အင်္ဂလန် ယူ-၁၉၊ လူးဝစ် ကိုးမက်စ်က ဝေးလ် ယူ-၁၉၊ ကိုနေး-ဒိုဟာတီ အိုင်ယာလန် ယူ-၁၉၊ ဂျေဒန်ဒန်းက အင်္ဂလန် ယူ-၁၈၊ နာယွန်နီက အင်္ဂလန် ယူ-၁၇ တို့အတွက် ရွေးချယ်ခံထားရပါတယ်။