မာကာကို အထူး ယုံကြည်တဲ့ ကလော့ပ်၊ လာလီဂါစတားကို သဘောကျခြင်း၊ ဘာ့ဆဲတစ်ကို ရောင်းပေးမှာ မဟုတ်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒီရာသီ လီဗာပူးအသင်း ရနိုင်ချေ အမြင့်ဆုံး ဆုဖလားက ယူရိုပါလိဂ်ဖလားပဲ ဖြစ်လိမ့်မယ်လို့ ပရိသတ် အများစုက ယုံကြည်နေပါတယ်။

အရင်နှစ်တွေက လီဗာပူးအသင်းရဲ့ ရလဒ်တွေအတွက် ဟန်ဒါဆန်ဟာ ခါးစီးခံခဲ့ရပြီး အခုချိန်မှာ ဗန်ဒိုက်ဟာ တူညီတဲ့ ဖိအားကို ရုန်းထွက်ပြဖို့ လိုလာပြီလို့ ပရိသတ်တွေက မှတ်ချက်ပေးပါတယ်။ ဒါဟာ အနာဂတ်မှာ ထရန့်အပေါ် ကျရောက်လာမယ့် တူညီတဲ့ ဖိအားပဲဖြစ်တယ်လို့လည်း သတိပေးနေကြပါတယ်။

မာကာကို 6 Role မှာ ကလော့ပ် သုံးနေတာဟာ ကစားသမားကို ဆွဲချနေတာလို့ မကောင်းမြင်စရာမျိုး မဟုတ်ဘဲ နည်းပြဟာ လူစာရင်းအတွင်း ရှိသမျှ ကွင်းလယ်လူတွေထဲ မာကာ တစ်ဦးကိုပဲ နည်းစနစ်ပိုင်းအရ အကောင်းဆုံးလို့ ယုံကြည် အားကိုးနေတာဖြစ်ကြောင်း ထောက်ပြမှု ထွက်ပေါ်လာပါတယ်။

ပါလင်ညာကို ၂၀၂၄ ထဲမှာ ခေါ်ယူနိုင်မယ့် အခြေအနေအတွက် လီဗာပူးအသင်းဘက်က စိတ်ဝင်စား စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ ပါလင်ညာဟာ ၂၀၂၄ ဇန်နဝါရီမှာ ဘိုင်ယန်မြူးနစ်ကို ရောက်မယ်လို့ သတင်းကြီးထားပါတယ်။

လာလီဂါကလပ် ရီးရဲလ်ဘက်တစ် အသင်းမှ လူငယ်ကြယ်ပွင့် Assane Diao ကို လီဗာပူးဘက်က အလေးအနက် စိတ်ဝင်စား စောင့်ကြည့်နေပါတယ်။ အသက် ၁၈ နှစ်အရွယ် ဆီနီဂေါဖွား စပိန်လူငယ် ကစားသမားဟာ ညာတောင်ပံနေရာ အဓိက ကစားပါတယ်။

ခံစစ်မှူး များစွာကို စောင့်ကြည့်နေမှုအတွင်း လေဗာကူဆင်မှ Piero Hincapie ကိုလည်း လီဗာပူးအသင်း အထင်ကြီးပေမယ့် ကစားသမားဘက်နဲ့ တိုက်ရိုက် စကားပြောဆိုမှု လုံးဝ မရှိသေးပါဘူး။

လာလီဂါဘက်က စိတ်ဝင်စားနေတဲ့ ဘာ့ဆဲတစ်ကို လာမယ့် စျေးကွက်တွေအတွင်း ရောင်းချသွားဖို့ လီဗာပူးဘက်က ဆန္ဒမရှိဘဲ ကလပ်ရဲ့ အနာဂတ်ထဲ သူ့ကို ထည့်သွင်းထားပါတယ်။

PGMOL အကြီးအကဲ ဟောင်းဝတ်ဝပ်က ဒီယက်ဇ်ရဲ့ သွင်းဂိုး မပေးတဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့ပေမယ့် ဖီဖာနဲ့ နိုင်ငံတကာဒိုင်လူကြီးများအဖွဲ့ IFAB ရဲ့ စည်းမျဉ်း သတ်မှတ်ချက်အရ ပွဲပြန်စထားတဲ့ အချိန် ပြီးခဲ့တဲ့ သွင်းဂိုးကို ပြန်ပေးလို့ မရဘူးလို့ ဆိုပါတယ်။