လီဗာပူးအသင်းကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ဖွယ်ရှိတဲ့ သီယေဂို အယ်ကန်တာရာ

ဒီရာသီ အသင်းအတွက် တစ်ပွဲမှ ပွဲထွက်ကစားပေးနိုင်ခြင်း မရှိသေးတဲ့ သီယေဂိုဟာ နောက်နှစ်နွေမှာ အလွတ်ဖြင့် ထွက်ခွာနိုင်မှာဖြစ်ကာ ဘာစီလိုနာအသင်းရဲ့ ပစ်မှတ်ထဲ ပါဝင်လာပါတယ်။

သီယေဂိုရဲ့ လီဗာပူး ကစားသမားဘဝ အချိန်အများစုဟာ ဒဏ်ရာ ပြဿနာတွေနဲ့ပဲ အချိန်ကုန်နေရသလို ဒီရာသီလို ကွင်းလယ် ပြန်တည်ဆောက်နေချိန်မှာ သူ့ထံက ဘာအကူအညီမှ မရခြင်းကတော့ အားလုံးကို စိတ်ပျက်စေခဲ့ပါတယ်။

မေလအတွင်း တင်ပါးဒဏ်ရာကို ခွဲစိတ်မှု ခံယူခဲ့တဲ့ သီယေဂိုဟာ ရာသီအစောပိုင်းမှာ ဒဏ်ရာက ပြန်သက်သာလာမယ် မျှော်လင့်ထားခဲ့ကြတာပါ။ ဒါပေမယ့်လို့ ရာသီ အစမှာတင် နောက်ထပ် ဒဏ်ရာ ၂ ကြိမ် ထပ်ရခဲ့ကာ အောက်တိုဘာလ အကုန်ထိ ပြန်ကစားနိုင်မယ် မသေချာပါဘူး။

မကြာခဏ ဒဏ်ရာရတတ်တဲ့ သီယေဂိုဟာ ဇန်နဝါရီမှာတော့ အင်္ဂလန်ပြင်ပ ကလပ်တွေနဲ့ အလွတ်ပြောင်းရွှေ့ကြေးကိစ္စ စတင် စကားပြောခွင့်ရဖို့ ရှိနေတယ်။ လီဗာပူးအသင်းဘက်ကတော့ သူ့ကို သက်တမ်းတိုးဖို့ ကြိုးစားတော့မှာ မဟုတ်ပါဘူး။

၂၀၂၀ နွေမှာ ဘိုင်ယန်မြူးနစ်ကနေ သီယေဂိုကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူခဲ့တာပါ။ ဒီနွေမှာ သူ့အတွက် ဆော်ဒီကလပ်တွေထံက ကမ်းလှမ်းမှုကို လီဗာပူးအသင်း ရရှိခဲ့ပေမယ့် ကစားသမားဘက်က ဥရောပဘောလုံးလောကကို မစွန့်ခွာလိုခဲ့တာကြောင့် ငြင်းဆန်ခဲ့ပါတယ်။

ဘဏ္ဍာရေးပိုင်း ပြဿနာရှိနေတဲ့ ဘာစီလိုနာဟာ သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမားဟောင်းကို ကက်တလန်မြေထံ ပြန်ခေါ်ယူဖို့ ပစ်မှတ်ထားလာနေတယ်။ ၎င်းတို့ကတော့ သီယေဂိုအပြင် ဂျော်ဂျင်ဟိုနဲ့ ကမ်မစ်တို့ကိုလည်း စိတ်ဝင်စားတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းကတော့ သီယေဂို နေရာ တိုက်ရိုက် အစားထိုးမှုအဖြစ် ဘရာဇီးကလပ် ဖလူမီးနက်စ်မှ ဘရာဇီးကွင်းလယ်လူ အန်ဒရီကို ချိန်ရွယ်နေပြီး ဇန်နဝါရီမှာတင် စကားပြောမှု ပြန်လည် စတင်သွားဖွယ် ရှိပါတယ်။