နိုဝင်ဘာ 4 ရက်နေ့ နောက်ပိုင်း လီဗာပူးနဲ့ အန်ဒရီ အပြောင်းအရွှေ့ ကိစ္စ စတင်ဖွယ်ရှိ

လီဗာပူးအသင်းဟာ ဘရာဇီးကလပ် ဖလူမီနက်စ် ကွင်းလယ်လူ အန်ဒရီကို ခေါ်ယူရေး စိတ်ဝင်စားမှု မလျော့သေးဘူးလို့ မာဆေးဆိုဒ် သတင်းဌာနက ဖော်ပြပါတယ်။

ဒီနွေမှာတုန်းက လီဗာပူးအသင်းဟာ အန်ဒရီကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် တောင်အမေရိက ချန်ပီယံလိဂ်မှာ ဖလူမီနက်စ်အသင်း အရှိန်ရနေတာမို့ ငြင်းဆန်ခံခဲ့ရပါတယ်။ အဲ့နောက်ပိုင်းမှာ လီဗာပူးအသင်းက ဝါတာရုနဲ့ ဂရာဗင်ဘက်ချ်တို့ကို ဆက်လက် ခေါ်ယူခဲ့တယ်။

လီဗာပူးအသင်းက ဝါတာရုကို နံပါတ် ၆ နေရာအတွက် ခေါ်ယူခဲ့ပြီး မာကာကို အဆိုပါ နေရာမှာ ထားကစားနေပေမယ့် ရေရှည်အတွက် 6 role တစ်ဦး ထပ်မံ ခေါ်ယူဖို့ လိုအပ်ကြောင်း ထောက်ပြခံရမှုတွေ ရှိထားပါတယ်။

Copa Libertadores ဖလား အောင်မြင်ရေး အဓိက အင်အားစုကို ထိန်းသိမ်းလိုတဲ့ ဖလူမီနက်စ်ဟာ ဒီကာလတွေအတွင်း ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် အဆင့်တွေကို ကျော်ဖြတ်လာခဲ့ရာမှာ နိုဝင်ဘာလ ၄ ရက်နေ့မှာတော့ အာဂျင်တီးနားကလပ် Boca Juniors အသင်းနဲ့ ဖိုင်နယ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။

အန်ဒရီကို လက်လွတ်မလား ကိစ္စကို ဘရာဇီးကလပ်က ဖိုင်နယ်ပွဲအပြီး စတင် စဉ်းစားမှာဖြစ်ကာ ဒီဇင်ဘာမှာ လီဗာပူးအသင်းနဲ့ ဆွေးနွေးကြဖွယ် ရှိပါတယ်။ ဖိုင်နယ်ပွဲ နောက်ပိုင်းမှာ ဘရာဇီးကလပ်ဟာ ပြည်တွင်း စီးရီးအေ ပွဲစဉ် ၁၂ ပွဲ ကစားဖို့ ကျန်ရှိမှာဖြစ်ပါတယ်။

Ian Doyle ကတော့ လီဗာပူးအသင်းဟာ အန်ဒရီအပေါ် စိတ်ဝင်စားမှုကို ရုတ်သိမ်းခြင်း မရှိသေးဘူးလို့ ဖော်ပြခဲ့တယ်။ ဇန်နဝါရီမှာ အန်ဒရီကို ခေါ်ယူနိုင်ခဲ့ရင်တော့ သီယေဂို အယ်ကန်တာရာ နေရာ တိုက်ရိုက် အစားထိုးမှု ဖြစ်လာနိုင်ပြီး ၂၀၂၄ နွေမှာ စပိန်သားဟာ လီဗာပူးကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။