ငါတို့က လီဗာပူးထက် မိုင်တစ်ရာစာ ပိုကောင်းတယ်၊ ဒိုင်လူကြီးက မမျှတဘူးလို့ စပါးနည်းပြ ပေါက်ကွဲ

စပါးအသင်း ယာယီနည်းပြ ရိုင်ယန် မေဆန်က ပိုကောင်းတဲ့ အသင်းက ရှုံးသွားတာလို့ ယုံကြည်နေပြီး သူ့အသင်းဟာ လီဗာပူးထက် အခွင့်အရေး အများကြီး ပိုလုပ်နိုင်ခဲ့တယ်လို့ ဖွင့်ပြောလာပါတယ်။

ပွဲအစ ၁၅ မိနစ်မှာတင် ၃ ဂိုးပေးလိုက်ရခြင်းကြောင့် စပါးပရိသတ်အချို့ ကွင်းထဲကနေ ထပြန်ခဲ့ရတဲ့ထိ လီဗာပူးက အစကောင်းခဲ့ပါတယ်။ ဒါပေမယ့်လို့ ဒီရာသီ မြင်နေကျအတိုင်း ယုံကြည်လို့မရတဲ့ အသင်းဟာ ဂိုးတွေ ပြန်ပေးခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ကို ၅-၂ နဲ့ အရေးနိမ့်တဲ့ ပွဲဆန်ဆန် ကစားသွားခဲ့တယ်။

ဒါကြောင့်လည်း ဒုတိယပိုင်းမှာ စပါးတို့ အခွင့်အရေးတွေ ရခဲ့ကာ ၃-၃ ရလဒ်ထိကို ရောက်သွားခဲ့တာပါ။ စပါးနည်းပြကတော့ ရလဒ်ကို စိတ်ပျက်သလို ဂျိုတာ အနီကဒ် မရခြင်းကိုလည်း ပေါက်ကွဲနေခဲ့တယ်။

ရိုင်ယန် မေဆန်က ” ကျနော် စိတ်ပျက်တယ်။ တကယ်က ဒီပွဲမှာ အခွင့်အရေး ဖန်တီးမှုတွေ အလုပ်နိုင်ဆုံး အသင်းက ရှုံးသွားတာပါ။ ကျနော်တို့က မိုင်တစ်ရာလောက်ကို ပိုကောင်းခဲ့တဲ့ အသင်းပါ။ လီဗာပူးလို အသင်းကို လက်ဆောင်ဂိုး ၄ ဂိုး ပေးခဲ့တာက ခက်ခဲပါတယ်။ ပြောဖို့ရာ စကားမရှိတော့အောင်ကို စိတ်ပျက်ရပါတယ်။

ပွဲကို အကောင်းဆုံး ပြင်ဆင်လာခဲ့တယ် ထင်မိပါတယ်။ ဘောလုံးရတိုင်း ကျနော်တို့ ဂိုးသွင်းနိုင်လုဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပြီး တိုင်တွေ ဆက်တိုက် ထိခဲ့တယ်။

အိုလီဗာ စကစ်ဖြစ်ရပ်ကတော့ မြင်ဖူးသမျှ အရှင်းလင်းဆုံး အနီကဒ်ဖြစ်ရပ်ပါပဲ။ စကစ်က ချုပ်တောင်ချုပ်ရမှာပါ။ ကွင်းထဲမှာတောင် ရှိမနေသင့်တော့တဲ့ ဂျိုတာက အနိုင်ဂိုး သွင်းသွားခဲ့ပါတယ် ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

စပါးဘက်က ပရီးမီးယားလိဂ်ကို ဂျိုတာ ဘာလို့ အနီကဒ် မဖြစ်သလဲ မေးမြန်းမယ်လို့ ထုတ်ပြောခဲ့ပြီး ဂျိုတာကတော့ သူက ဘောလုံးကိုပဲ အာရုံစိုက်ခဲ့သလို ထိထိမိမိလဲ ရှင်းထုတ်ခဲ့ကြောင်းနဲ့ ဒါကြောင့်ပဲ ဒိုင်နဲ့ VAR က အနီကဒ် မပြသတာပါလို့ တုန့်ပြန်သွားပါတယ်။

ဒီပွဲအပြီးမှာ လီဗာပူးအသင်းက စပါးအသင်းကို ကျော်ဖြတ်ပြီး အဆင့် ၅ နေရာကို ရယူခဲ့ကာ လာမယ့်ရာသီ ဥရောပဝင်ခွင့် ၁ နေရာအတွက် ဆက်လက် အားထုတ်လာနိုင်ဆဲ ဖြစ်ပါတယ်။