အန်ဖီးကွင်း ကြေညာချက်ကြောင့် ဆုံးရှုံးမှု ပမာဏ မြင့်တက်လာမယ့် လီဗာပူး

လီဗာပူးအသင်းဟာ အောက်တိုဘာလ နိုင်ငံတကာသီတင်းပတ်အပြီး အဲဗာတန်နဲ့ပွဲမှာ အန်ဖီးကွင်းရဲ့ The Anfield Road ပွဲကြည့်စင် အပေါ်ပိုင်းကို ဝင်ခွင့်ပေးနိုင်ဖို့ မဖြစ်နိုင်သေးကြောင်း ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ကွင်းအပြည့် ပရိသတ်ဝင်နိုင်ရေးဟာ ၂၀၂၄ ခုနှစ် မတိုင်ခင် လုံးဝ မဖြစ်နိုင်သေးဘူးလို့လည်း သတင်း ထုတ်ပြန်သွားခဲ့တယ်။

ဒါကြောင့် လီဗာပူးအသင်းရဲ့ လာမယ့် ပွဲစဉ် ၉ ပွဲမှာလည်း ပရိသတ် ၄၉၀၀၀ လောက်ကိုပဲ ဝင်ခွင့်ပေးနိုင်မှာဖြစ်ပြီး တစ်ကွင်းလုံး ဝင်နိုင်တဲ့ ဦးရေထက် ၁၂၀၀၀ လောက် လျော့နည်းနေမှာ ဖြစ်ပါတယ်။

လီဗာပူးမြို့ကောင်စီထံက ကွင်းအပေါ်ခြမ်းဟာ ပရိသတ်ဝင်ခွင့်ပေးဖို့ လုံခြုံမှုရှိကြောင်း ထောက်ခံချက်ရဖို့ test event တစ်ခု လုပ်ဆောင်ပေးရမှာပါ။ အဲ့လိုလုပ်နိုင်မယ် ယုံကြည်ချက် မရှိသေးတာနဲ့အတူ လီဗာပူးအသင်းဟာ လက်တွဲလုပ်ဆောင်နေတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ အသစ်ကို အချိန်ပိုပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ယခင် ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ နှောင့်နှေးမှုကြောင့် ကွင်းဝင်ကြေး ပေါင် ၅ သန်းနီးပါး ဆုံးရှုံးထားတဲ့ လီဗာပူးအသင်းဟာ အခုလို ၂၀၂၄ ခုနှစ်ထိ ကွင်းပြည့် လက်ခံနိုင်မှာ မဟုတ်ကြောင်း ကြေညာချက်ကြောင့် နောက်ထပ် ပေါင် ၁၀ သန်း ဝန်းကျင် ဝင်ငွေ ထိခိုက်မှာ ဖြစ်ပါတယ်။

ဝင်ငွေပိုင်းတင် မဟုတ်ဘဲ ကွင်းဝင်ခွင့်အတွက် နှစ်ရှည်စောင့်မျှော်နေရတဲ့ ပရိသတ်တွေအတွက် ဒီသတင်းက စိတ်ပျက်စရာ ဖြစ်ခဲ့တယ်။ ကွင်းထဲက ကစားသမားတွေ အတွက်လည်း ပိုမြင့်မားတဲ့ အားပေးမှုတွေ ရရှိဖို့ အခွင့်အလမ်း ဆုံးရှုံးမှု ဖြစ်လာခဲ့ပါတယ်။

အန်ဖီးကွင်းရဲ့ ကွင်းမြက်နှာပြင် အကျယ်အဝန်းဟာ ယူအီးအက်ဖ်အေ စံသတ်မှတ်ချက် နှုန်းထားတွေဖြင့် ကိုက်ညီမှု မရှိတာကြောင့် ယူရို ၂၀၂၈ ပြိုင်ပွဲ ကျင်းပခွင့်လည်း ဆုံးရှုံးထားသေးတာ ဖြစ်ပါတယ်။