အားကစားဒါရိုက်တာသစ်အတွက် လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ ထိပ်တိုက်တွေ့ဖွယ်ရှိ

လီဗာပူးအသင်ဟာ ကိုဗစ်ကာလအလွန်မှာ ရှုပ်ထွေးခဲ့တဲ့ ကလပ်ရဲ့ ဘဏ္ဍာရေးနဲ့ အရေးကြီး ဝန်ထမ်းတွေကို အင်အားပြန်လည် ဖြည့်တင်းနေပေမယ့်လို့ အရေးကြီး နေရာအချို့က လစ်လပ်နေဆဲဖြစ်ပါတယ်။

အဲ့နေရာတွေထဲက တစ်ခုကတော့ အမြဲတမ်း အားကစားဒါရိုက်တာ ရာထူးပဲ ဖြစ်ပါတယ်။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အကုန်မှာ မိုက်ကယ်အတ်ဝတ်၊ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အကုန်မှာ ဂျူလီယန်တို့ ထွက်ခွာပြီးနောက် ရေရှည် အစားထိုးမှုကို အခုထိ မလုပ်ရသေးပါဘူး။

လက်တလောမှာ ဂျော့ရှမတ်ကီကို တာဝန်ပေးထားပေမယ့် ကနဦး ၄ လ ဆိုတာထက် ဒီရာသီ အကုန်ထိ ခန့်အပ်ထားခြင်းလို့ နားလည်ထားရတယ်။ သို့ပေမယ့် ရေရှည်အတွက် သင့်လျော်သူ တစ်ဦးကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။

SportBILD ကတော့ လီဗာပူးအသင်းဟာ ဂျာမနီကလပ် လိုက်ဇစ်အသင်းရဲ့ ဘောလုံး ဒါရိုက်တာဟောင်း Max Eberl ကို အားကစားဒါရိုက်တာသစ် အဖြစ် စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

Max Eberl ဟာ ၂၀၂၂ မှာ မိုချန်ဂလတ်ဘတ်ကနေ လိုက်ဇစ်ထံ ပြောင်းရွှေ့ခဲ့ပြီး ကောင်းမွန်တဲ့ လူသစ် ခေါ်ယူမှုတွေ လုပ်နိုင်ခဲ့ပေမယ့် ကလပ်အတွက် စိတ်နှစ်မြုပ်ထားခြင်း မရှိဘူးဆိုတဲ့ အကြောင်းရင်းနဲ့ ဒီလ အစကမှ လိုက်ဇစ်ကနေ ထုတ်ပယ်ခံထားရတာပါ။

ဂျာမနီအင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ကလည်း Max Eberl ကို ထိပ်တန်း ပစ်မှတ်အဖြစ် သဘောကျနေပြီး Max ထုတ်ခံရတာ ဒီလို အသင်းကြီးတွေနဲ့ ဆက်တိုက် ချိတ်ဆက်နေမှုကြောင့်လို့ ထင်မြင်ချက်ပေးတာတွေလည်း ရှိထားပါတယ်။

၂၀၂၂ မှာတည်းက လီဗာပူး စီအီးအို ဘီလီဟိုဂန်က Max Eberl နဲ့ တွေ့ဆုံမှု လုပ်ခဲ့ဖူးပြီး ဒီတစ်ကြိမ်မှာလည်း ဘိုင်ယန်မြူးနစ်နဲ့အပြိုင် ချိတ်ဆက်နေတာလို့ ဂျာမနီဘက်က ယုံကြည်ထားကြတာဖြစ်ပါတယ်။