ဖရီးကစ်လေး သင်ပေးပါဦးဆိုလို့ အကွက်ပြနေတာပါကွာလို့ မတ်ဒီဆန်ကို တုန့်ပြန် လှောင်ပြောင်တဲ့ ထရန့်

နိုင်ငံတကာ သီတင်းပတ်အတွက် အင်္ဂလန်အသင်းထံ သွားရောက် ပူးပေါင်းနေကြစဉ် စပါး ကွင်းလယ်လူ မတ်ဒီဆန်ထံက လှောင်ရယ်ခံရမှုကို ထရန့်က တုန့်ပြန်မှု ပြုလုပ်လာခဲ့ပါတယ်။

လက်ရွေးစင် ပူးပေါင်းမှု မတိုင်ခင် စပါးကို အရေးနိမ့်တဲ့ ပွဲစဉ်မှာ ဒီယက်ဇ်ရဲ့ သွင်းဂိုး ခွင့်ပြုပေးခဲ့ခြင်း မရှိတဲ့ ကိစ္စဟာ ပရီးမီးယားလိဂ်မှာ အတော်လေး လူပြောများခဲ့တာပါ။ အဲ့ဖြစ်ရပ်က စပါးအသင်းကို ဇယားထိပ်ကို ရောက်သွားဖို့ အကူအညီ ဖြစ်စေခဲ့သလို လီဗာပူးအသင်းကို ရမှတ် ဆုံးရှုံးစေခဲ့ပါတယ်။

အင်္ဂလန်အသင်းမှာ ထရန့်နဲ့ တွေ့ဆုံစဉ် မတ်ဒီဆန်က “ အခုချိန်ထိ replay ပြန်ကန်ဖို့ ပြောနေတုန်းပဲကွာ ” ဆိုတဲ့ စာသားနဲ့အတူ ဒီယက်ဇ်ဖြစ်ရပ်ကို စနောက်တဲ့သဘော အင်စတာဂရမ်မှာ တင်သွားခဲ့တာပါ။ ထရန့်နဲ့ မတ်ဒီဆန်တို့ဟာ အင်္ဂလန်အသင်းသားတွေ အဖြစ် ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိထားကြပါတယ်။

အဲ့ဓါတ်ပုံကိုစ္စ Channel 4 နဲ့ အင်တာဗျူးခံရချိန်မှာ ထရန့်က လှလှပပ လက်စားပြန်ချေခဲ့ပါတယ်။ ထရန့်ကတော့ မတ်ဒီဆန် ပြောသလို စပါးနဲ့ပွဲစဉ်ကို ပြန်ကန်ပွဲ ကစားဖို့ ပြောနေကြတာ မဟုတ်ဘဲ ဖရီးကစ်သင်နည်း လာတောင်းဆိုနေတာလို့ ပြောဆိုခဲ့တယ်။

“ မဟုတ်ပါဘူးကွာ။ မတ်ဒီဆန်က ဂိုးပေါက် ထောင့်တည့်တည့်ကို ဖရီးကစ် ဘယ်လိုကန်ရလဲ သင်ပေးပါဦးလို့ လာပြီး အကူအညီ တောင်းနေတာပါ။

အဲ့မှာ ကျနော်ကလည်း မနှစ်က လက်စတာပွဲမှာ သွင်းခဲ့တဲ့ ဂိုး ဟိုက်လိုက် ဗီဒီယိုကို replay ပြန်ပြပေးလိုက်ပါတယ်။ သူတို့ အဲ့ဂိုးကြောင့် တန်းဆင်းသွားရတယ်လေ ” လို့ ထရန့်က အားရပါးရ ရယ်မောပြီး တုန့်ပြန်ခဲ့ပါတယ်။

မနှစ်ကရာသီ ပွဲစဉ် ၃၆ မှာ လီဗာပူးအသင်းက လက်စတာကို အဝေးကွင်းမှာ ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ယူခဲ့တယ်။ အဆိုပါ ရှုံးပွဲကြောင့်ပဲ မတ်ဒီဆန် ပါဝင်နေတဲ့ လက်စတာဟာ ချန်ပီယံရှစ်ထံ တန်းဆင်းရဖို့ သေချာခဲ့တာဖြစ်ပါတယ်။