မန်စီးတီး vs လီဗာပူး ပွဲချိန် ပြောင်းလဲလိုက်ခြင်းက ကလော့ပ်အတွက် သတင်းဆိုးဖြစ်လာ

နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် မန်စီးတီး vs လီဗာပူး ပွဲစဉ်ကတော့ မန်ချက်စတာ ဒေသတွင်း အဖွဲ့တွေရဲ့ သတိပေးမှုကြောင့် ပွဲချိန် ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

မူလက နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်အပြီး စနေနေ့ ညပိုင်းမှာ ယှဉ်ပြိုင်ရမှာပါ။ ဒါပေမယ့်လို့ ပွဲကြမ်းလေ့ရှိတဲ့ ဒီနှစ်သင်း ထိပ်တိုက်တွေ့မှုကို လုံခြုံရေး စိုးရိမ်ရလို့ ညပိုင်း မကစားဖို့ တားမြစ်လိုက်တာ ဖြစ်ပါတယ်။

ပြောင်းလဲလိုက်တဲ့ ပွဲချိန်အရ စနေနေ့ နေ့ခင်း ၁၂:၃၀ နာရီ (ဗြိတိန်စံတော်ချိန်) မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။ ဒီရွှေ့ဆိုင်မှုဟာ အဝေးကွင်းအသင်းအတွက် ပိုပြီး နစ်နာစေတာမို့ လီဗာပူးနဲ့ ကလော့ပ်အတွက် သတင်းဆိုး ဖြစ်လာခဲ့ပါတယ်။

ဒီနေရာမှာ နှိုင်းယှဉ်မှု တစ်ခု လုပ်ပြရရင် ကလော့ပ် လက်အောက်မှာ လီဗာပူးအသင်းက ၁၂:၃၀ နာရီ ပွဲစဉ် ၁၄ ပွဲထိ ရှိလာမှာဖြစ်ပါတယ်။ လီဗာပူးနောက် ၁၂:၃၀ နာရီ ပွဲစဉ် ဒုတိယအများဆုံး ကလပ်ဖြစ်တဲ့ စပါးဟာ ၆ ပွဲပဲ ကစားရပါတယ်။

မန်စီးတီး vs လီဗာပူး နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့မှုမှာ အသက် ၁၆ နှစ်အရွယ် မန်စီးတီး ပရိသတ်တစ်ဦး ထိခိုက် နာကျင်မှု ဖြစ်ပွားခဲ့ပါတယ်။ လီဗာပူးဘက်ကလည်း မန်စီးတီး ပရိသတ်တွေရဲ့ ဟေးဘရော့ဖြစ်ရပ် လှောင်ပြောင် သီဆိုမှုကို တိုင်ကြားမှု လုပ်ခဲ့ပါတယ်။

နှစ်သင်း ပရိသတ်တွေရဲ့ ထိတွေ့မှုပိုင်း ပြင်းထန်ခြင်းတွေကြောင့် မန်ချက်စတာ ရဲအဖွဲ့ အပါအဝင် ဒေသတွင်း အဖွဲ့တွေက ညပိုင်း ပေးမကစားဖို့ တောင်းဆိုခဲ့တာပါ။ ဒါ့အပြင် အီသီဟဒ်မှာ မူလ ဝင်ခွင့်ရမယ့် လီဗာပူး ပရိသတ် ၃၀၀၀ အစား ၂၄၀၀ ထိ လျော့ချခံရမယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ မနှစ်တုန်းက နေ့ခင်း ၁၂:၃၀ နာရီ ပွဲစဉ်တွေကို ၁ ပွဲမှ မနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဒီရာသီမှတော့ အဆိုပါ အချိန်အတွင်း ဝုဗ်ကို အဝေးကွင်း သွားကစားပြီး ၃-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။

Liverpool’s 12.30 kick-offs this season

  • Wolves (A) – Won 3-1
  • Everton (H) – October 21
  • Man City (A) – November 25

ပြောင်းလဲလိုက်တဲ့ ပွဲချိန်ဇယားကြောင့် လီဗာပူးအသင်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ နိုင်ငံတကာသီတင်းပတ် အပြီး ၁၂:၃၀ နာရီ ပွဲစဉ် ၃ ပွဲလုံးကို အရင်ဆုံး ယှဉ်ပြိုင်ရတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ် ကလပ်ဖြစ်လာခဲ့ပါတယ်။