အသက် ၂၀ အရွယ် ကြယ်ပွင့် အပါအဝင် ကွင်းလယ်လူ ၄ ဦးထံက သင်ယူနေပါတယ်လို့ ထရန့် ထုတ်ပြော

လီဗာပူးနဲ့ အင်္ဂလန် ကြယ်ပွင့် ထရန့်ကတော့ သူ့ရဲ့ ကစားသမားဘဝ တစ်ဆစ်ချိုးအဖြစ် ကွင်းလယ်လူ နေရာ ပိုမို တာဝန်ယူရမှုကို လက်ခံလာဟန် ရှိပါတယ်။

အသက် ၂၅ နှစ်အရွယ် ထရန့်ဟာ ကလော့ပ်ရဲ့ စနစ်သစ်မှာ ညာခြမ်းနဲ့ ကွင်းလယ် ပေါင်းစပ်ထားတဲ့ နေရာသစ်ကို ကစားနေသလို အင်္ဂလန်အသင်းမှာလည်း ကွင်းလယ်လူ အဖြစ် စတင် ပြောင်းလဲ ကစားနေပြီ ဖြစ်ပါတယ်။

ကွင်းလယ်မှာ အကောင်းဆုံး ကစားနိုင်ဖို့အတွက် လက်ရှိ ဘောလုံးကစားနေဆဲ ကွင်းလယ်လူကောင်း ၄ ဦးထံကနေ သင်ယူနေကြောင်း ထရန့်က ထုတ်ပြောလာပါတယ်။

ထရန့်က “ အခြားသူတွေနဲ့ အနည်းငယ် ကွဲပြားတဲ့ ပုံစံမျိုး ပွဲတွေမှာ ကစားတယ်လို့ ခံစားမိပါတယ်။ ကျနော်ရဲ့ ကစားဟန်က ဘယ်သူ့ကို အတုယူထားတယ် ဆိုတာ ပြောဖို့က ခက်ခဲပါတယ်။

မတူညီတဲ့ ကစားသမားတွေထံက နည်းနည်းချင်းစီ သင်ယူမှု လုပ်ထားခဲ့တယ်။ ဒီဘရိုင်းကတော့ ကျနော် အတော်လေး လေ့လာကြည့်ရှုရသူပေါ့။ နေရာကျဉ်းကျဉ်းတွေမှာ မတ်ဒီဆန်ရဲ့ ဘောလုံး လက်ခံယူနိုင်စွမ်းက သိပ်မြင့်ပါတယ်။

ဘယ်လင်ဟမ်၊ ရိုက်တို့နဲ့အတူ လေ့ကျင့်ရေးကွင်းမှာ အတူ လေ့ကျင့်ခွင့်ရတော့ သူတို့ရဲ့ ကစားဟန်တွေကိုလည်း လေ့လာကြည့်ဖြစ်ပါတယ်။

သူတို့ကို မေးခွန်းတွေ မေးဖို့အတွက်လည်း ကျနော် ရှက်ရွံ့မနေပါဘူး။ တချို့ဆို ကျနော်ထက်တောင် ပိုငယ်ပါသေးတယ်။ သူတို့ထံက သင်ယူလို့ ကျနော် ပိုကောင်းလာမယ် ဆိုရင် ပြီးတာပဲ မဟုတ်လား ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီတလောမှာ ထရန့်ဟာ ကြံ့ခိုင်မှုကြောင့် အနားယူရတာတွေ ရှိပေမယ့် မနက်က ယှဉ်ပြိုင်သွားတဲ့ အင်္ဂလန်အသင်း ခြေစမ်းပွဲမှာတော့ ပွဲချိန်ပြည့် ကစားခဲ့ပြီ ဖြစ်ပါတယ်။