လီဗာပူးရဲ့ မဟာပြိုင်ဘက် ယူနိုက်တက်မှာ တူညီတဲ့ ရာထူးမျိူး တာဝန်ယူဖို့ မိုက်ကယ် အတ်ဝတ် စဉ်းစားဖွယ် မရှိ

မန်ချက်စတာ ယူနိုက်တက်ဟာ ကလပ်ပိုင်ရှင် အဖွဲ့ထဲ ဆာဂျင်ရက်ကလစ်ကို ထည့်သွင်းပြီးရင် လီဗာပူး ဒါရိုက်တာဟောင်း မိုက်ကယ် အတ်ဝတ်ကို အားကစားဒါရိုက်တာ နေရာအတွက် ချိတ်ဆက်မှု ပြုလုပ်လိုနေပါတယ်။

ဒါပေမယ့်လို့ မိုက်ကယ် အတ်ဝတ်ဟာ ဘောလုံးလောကထဲကို တစ်ကျော့ပြန် ဝင်လာခဲ့ရင်တောင် အားကစားဒါရိုက်တာ ရာထူးမျိုးကို ဆက်လက် လုပ်ကိုင်ဖို့ စိတ်ဝင်စားခြင်း မရှိတော့ပါဘူး။

လီဗာပူးမှာ ၁၁ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ အတ်ဝတ်ဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အပြီးမှာ မာဆေးဆိုဒ်ကနေ ထွက်ခွာခဲ့တာပါ။ အဲ့နောက်ပိုင်း မည်သည့် တာဝန်ကိုမှ ရယူခြင်း မရှိပေမယ့် ပြီးခဲ့တဲ့ လတုန်းကတော့ အကြံပေး အရာရှိ တာဝန်မျိုးနဲ့ ဘောလုံးလောကထဲ ပြန်ဝင်မယ်လို့ သတင်းထွက်လာခဲ့တယ်။

လီဗာပူးအသင်းမှာ သူ့ရဲ့ အောင်မြင်မှုတွေအရ များစွာသော ထိပ်တန်းကလပ်တွေဟာ မိုက်ကယ် အတ်ဝတ်ကို အရ ခေါ်ယူလိုနေကြတယ်။ The Athletic ကတော့ ယူနိုက်တက်ရဲ့ ရှယ်ယာရှင်ဖြစ်လာမယ့် ရက်ကလစ်ဟာ မိုက်ကယ် အတ်ဝတ်ကို ဦးစားပေး ပစ်မှတ်အဖြစ် အလိုရှိတယ်လို့ ဆိုပါတယ်။

အတ်ဝတ်နဲ့ လီဗာပူးမှာ သူနဲ့အတူ အလုပ်တွဲလုပ်ခဲ့တဲ့ သုသေတန ဒါရိုက်တာ အိုင်ယန် ဂရေဟမ်တို့ နှစ်ဦးဟာ ဘောလုံးလောကထဲ ပြန်ဝင်လာမှာဖြစ်ပြီး အဖွဲ့လိုက် ဆက်လက် လက်တွဲကြမယ်လို့ ယုံကြည်ရတယ်။ သေချာတာကတော့ အားကစား ဒါရိုက်တာ ရာထူးမျိုး ဆက်လက် လုပ်ကိုင်တော့မှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းဟာ အတ်ဝတ် မရှိတဲ့နောက် အားကစာဒါရိုက်တာ ရာထူးကို ရေရှည် တာဝန်ပေးနိုင်ခြင်း မရှိသေးဘဲ ဂျူလီယန်ဝတ်၊ ဂျော့ရှမတ်ကီတို့ကို ခန့်အပ်ခဲ့တယ်။ ၂၀၂၄ မှာတော့ နောက်ထပ် အားကစား ဒါရိုက်တာသစ်ကို ရှာဖွေရဖို့ ရှိနေပါတယ်။