၂၀၂၄ နွေမှာ ထွက်ခွာနိုင်ခွင့် ပါဝင်ထားတဲ့ ရှော်ကေးစတားကို ဘရိုက်တန်နဲ့အပြိုင် လီဗာပူး စိတ်ဝင်စားနေ

လီဗာပူးအသင်းဟာ ရှော်ကေး ကွင်းလယ်လူ အက်ဆန် အာဝါဒရာအိုဂိုကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း စကိုင်းစပေါ့ ဂျာမာန် သတင်းထောက် Florian Plettenberg က ထုတ်ဖော်လာပါတယ်။

အသက် ၁၇ နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၂၄ မှာ ရှော်ကေးကနေ ထွက်ခွာခွင့် ရှိထားပြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းမယ်ဆိုရင် ယူရို ၁၅ သန်းဝန်းကျင်၊ ဂျာမနီပြင်ပကို ထွက်မယ်ဆိုရင် ယူရို သန်း ၂၀ ဖြင့် အသင်းပြောင်းခွင့် ရှိထားပါတယ်။

ဂျာမနီဒုတိယတန်းလိဂ်မှာ ကွင်းလယ်လူ စစ်စစ်အဖြစ် ကစားနေတဲ့ အာဝါဒရာအိုဂိုရဲ့ သတင်းဟာ လီဗာပူးအသင်းက ဂျော့ရှမတ်ကီကို ရာသီကုန်ထိ စာချုပ်သက်တမ်းတိုး အပြီးမှာ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

ဂျာမနီဘောလုံးကို နှံ့စပ်ကျွမ်းကျင်သူလို့ လူသိများတဲ့ ဂျော့ရှမတ်ကီရဲ့ ထောက်ခံချက်ဖြင့် လီဗာပူးက ရှော်ကေးကြယ်ပွင့်ကို ချိန်ရွယ်လာခြင်းလို့လည်း ယုံကြည်ခံထားရပါတယ်။

အသက်ငယ်ငယ်နဲ့ နာမည်ရလာတဲ့ အာဝါဒရာအိုဂိုဟာ ဂျာမနီ ယူ-၁၇ အသင်းရဲ့ အဓိက ကစားသမားလည်း ဖြစ်ပါတယ်။ သူ့ကို ခေါ်နိုင်ဖို့ လီဗာပူးအပြင် ဘရိုက်တန်နဲ့ အဲဗာတန်ကလည်း စိတ်ဝင်စားနေတယ်လို့ Florian Plettenberg က ဖော်ပြခဲ့တယ်။

လီဗာပူးအသင်းဟာ ဒီတလော လူငယ်မျိုးဆက်တွေကို ဆက်တိုက် အင်အားဖြည့်လာနေကာ ဟာဗေး၊ ဘာ့ဆဲတစ်၊ ဗန်ဒုတ်တို့ဟာ စီနီယာအဆင့် ပွဲကစားခွင့်ရသူတွေ ဖြစ်လာနေပြီ ဖြစ်ပါတယ်။