ဘိုင်ယန်မြူးနစ်အသင်းက စာချုပ်သစ်ပေးဖို့ အဆင်မပြေဖြစ်နေတဲ့ ဂျာမနီကြယ်ပွင့် မူဆီယာလာကို လက်မှတ်ထိုးလိုတဲ့ အသင်းတွေထဲမှာ လီဗာပူးလည်း ပါဝင်လာပါတယ်။
Bild က ဖော်ပြလာမှုအရ ဧပရယ်လအတွင်းမှာ ဘိုင်ယန်မြူးနစ်နဲ့ မူဆီယာလာတို့ စာချုပ်သစ်ကိစ္စ ကနဦး စကားပြောမှု စတင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲ့ကတည်းက စာချုပ်သစ်ကိစ္စ စကားပြောခြင်း ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။
မူဆီယာလာဟာ နည်းပြတူချယ် လက်အောက် သူ့ရဲ့ ပွဲကစားခွင့် နည်းပါးခြင်းကို သဘောမကျဖြစ်နေပြီး ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာဖို့ စဉ်းစားနေပြီလို့လည်း ဖော်ပြလာကြပါတယ်။ သူ့အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးက ယူရို သန်း ၁၀၀ ထက် နည်းမှာ မဟုတ်ပါဘူး။
ဂျာမနီကြယ်ပွင့်အတွက် ပေးရမယ့်စျေးက များလွန်းပေမယ့် လီဗာပူးအသင်းဟာ ကလပ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသူ ဖြစ်မယ်၊ တန်ကြေးလည်း သင့်မယ်ဆိုရင် ခပ်မြန်မြန် ခေါ်ယူနိုင်ကြောင်းကို ဒီယက်ဇ်၊ ဂက်ပိုတို့ကို ခေါ်ယူမှုဖြင့် သက်သေပြထားပြီးပါပြီ။
အသက် ၂၀ ပဲ ရှိသေးတဲ့ ကွင်းလယ်တိုက်စစ် အားသန် မူဆီယာလာဟာ လက်တလော လီဗာပူးမှာ အလိုအပ်ဆုံး နေရာကို ကစားနေသူမျိုး မဟုတ်ပါဘူး။ သူဟာ တိုက်စစ်အားသန် ကွင်းလယ်လူ ဖြစ်ပြီး ဘယ်ခြမ်းတိုက်စစ်မှူးထိ တက်ကစားနိုင်ပါတယ်။
လီဗာပူးအသင်းကတော့ ကွင်းလယ် နံပါတ် ၆ နေရာ လိုအပ်ချက်ရှိကာ လာမယ့် ၁၂ လအတွင်း ဆာလာနေရာ ရေရှည် အစားထိုးဖို့နဲ့ ဗဟိုခံစစ်မှူးသစ် ခေါ်ယူဖို့ အရေးတကြီး လိုအပ်လာမှာပဲ ဖြစ်ပါတယ်။