လီဗာပူးဟာ ဒီရာသီ အကောင်းဆုံးခြေစွမ်း ဖြစ်လောက်တဲ့ ပုံစံနဲ့အတူ ၁၅ မိနစ်အတွင်း ၃ ဂိုး သွင်းခဲ့ပေမယ့် ပွဲကို ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးခဲ့ပြီး ပြိုင်ဘက်ကို ခြေပဂိုး ၃ ဂိုး ပေးခဲ့ရပါတယ်။
အကောင်းဆုံး ချုပ်ကိုင်ထားနိုင်တဲ့ အနေအထားကနေ ထိုးကျခဲ့တဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ ကလော့ပ်က အခုလို ရှင်းပြခဲ့ပါတယ်။
“ ပွဲအစက လုံးဝကို ထူးခြားကောင်းမွန်ခဲ့တာပါ။ ဒီရာသီ ကျွန်တော်တို့ ကစားခဲ့သမျှထဲ အကောင်းဆုံးလို့ ပြောလို့ရလောက်တယ်။ စပါးလို ခံစစ်ကောင်းတဲ့ အသင်းကို ၃-၀ နဲ့ ဦးဆောင်နိုင်တာတွေ၊ ကျွန်တော်တို့ ဂိုးသွင်းခဲ့ပုံ၊ တိုက်စစ်-ခံစစ် ကစားပုံတွေက လုံးဝကို ထူးခွန်ခဲ့ပါတယ်။
ပြီးတော့ စောစောစီးစီး ၃-၀ နဲ့ ဦးဆောင်ထားတာက ပြဿနာဖြစ်သွားတယ်။ ပေါ့လျော့သွားတော့တာပေါ့။ မဖြစ်သင့်ပေမယ့် ဖြစ်သွားခဲ့တယ်။ ချက်ချင်း ကစားပုံ ပေါ့လျောလာတာတော့ မဟုတ်ဘူး။ စပါးရဲ့ ပထမဂိုးမှာ ကျွန်တော်တို့ ကောင်းကောင်းမခုခံမိခဲ့ဘူး။ ချက်ခြင်း တန်ပြန်ဖိအားပေးနိုင်ခြင်း မရှိခဲ့ဘူး။ ဒါကြောင့်ပဲ သူတို့ အဝေးကနေ ဘောလုံးပေးနိုင်ခဲ့ပြီး လူမကျွံသွားတာပဲ။
ဗန်ဒိုက် ခြေချော်တာမျိုးက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေမျိုးမှာတော့ မဖြစ်သင့်ဘူး။ သူတို့တွေ ဂိုးသွင်းသွားတယ်လေ။
ပထမပိုင်းပြီးတော့ ကစားသမားတွေကို ပုံမှန်အတိုင်း ပြန်ကစားကြဖို့ မှာကြားခဲ့တယ်။ ကျွန်တော်တို့ ပွဲအစတုန်းကအတိုင်း ကစားမယ်ဆိုရင် စပါးက ကျွန်တော်တို့ကို ခုခံနိုင်မယ့် နည်းလမ်းမရှိပါဘူး။ ဒါပေမယ့် ကံမကောင်းစွာပဲ ကျွန်တော်တို့ရဲ့ ပုံမှန်စည်းချက်ကို ပြန်ရှာမတွေ့နိုင်ခဲ့ဘူး။
နောက်ဆုံးမိနစ်မှာ မိုဆာလာအပေါ် ပြစ်ဒဏ်ကျူးလွန်မှုဖြစ်သွားတာကို ဒိုင်မမြင်လိုက်ဘူး။ ဒါကြောင့် ၃-၃ ဖြစ်သွားတော့ ခံစားချက် မကောင်းတော့ဘူး။ အဲ့မှာ ဒီယေဂိုက ပွဲကို အဆုံးအဖြတ် ပေးလိုက်တယ်။ ဒါက တနေ့လုံးရဲ့ အကောင်းဆုံးအပိုင်းပါပဲ။
၃-၀ ဖြစ်နေချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံးက သိပ်ကို အကောင်းမြင်စရာတွေ သန်းနဲ့ချီ ရှိနေခဲ့တာ။ ဒါပေမယ့် ပွဲမပြီးသေးချိန်မှာ အလွန်အကျူး အောင်ပွဲမခံသင့်ပါဘူး ”လို့ ကလော့ပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။