လီဗာပူးအသင်း မန်နူကိုနေးအတွက် ကမ်းလှမ်းမှု လုပ်မှာ မဟုတ်ဘဲ ဘရာဇီးသားကိုပဲ ဦးစားပေး ချိတ်ဆက်မည်

ဒီနွေမှာတုန်းက လီဗာပူးအသင်းဟာ ပြင်သစ်သား ကွင်းလယ်လူတွေဖြစ်တဲ့ သူရမ်နဲ့ ကိုနေးတို့ကို ခေါ်ယူဖို့ အတော်လေး အားထုတ်ခဲ့တာပါ။

ဒါပေမယ့် လီဗာပူး တကယ် ခေါ်ယူခဲ့တာကတော့ မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်၊ ဝါတာရု အန်ဒိုနဲ့ ရိုင်ယန် ဂရာဗင်ဘက်ချ်တို့ပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းက ယူ-၂၁ အဆင့် ယူရိုပြိုင်ပွဲမှာ အသက် ၂၂ နှစ်အရွယ် ကိုနေးရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ပြင်သစ်သားက ဒူးဒဏ်ရာ ရရှိခဲ့ပါတယ်။

အခုချိန်မှာ ဒဏ်ရာက ပြန်သက်သာလာတဲ့ ကိုနေးဟာ ဂလတ်ဘတ်အသင်းနဲ့ စာချုပ်ကို ၁ နှစ် ထပ်တိုးပြီး ၂၀၂၆ ခုနှစ်ထိ ချုပ်ဆိုလိုက်ပါတယ်။ ဒါပေမယ့်လို့ ၂၀၂၄ နွေမှာ ကွင်းလယ်လူကို ရောင်းချသွားဖို့ ဂျာမနီကလပ်က ရည်ရွယ်ထားဆဲ ဖြစ်ပါတယ်။

ဒီနွေတုန်းက ပေါင် ၃၅ သန်းဖြင့် ရောင်းချဖို့ ပြင်ဆင်ခဲ့သလို လာမယ့် နွေမှာလည်း ပေါင် ၃၅-၃၈ သန်း ဝန်းကျင်ဖြင့် ရောင်းချသွားမှာပါ။ ဒါပေမယ့် လီဗာပူးအသင်းဟာ ကိုနေးအပေါ် စိတ်ဝင်စားမှု အားနည်းသွားခဲ့ပြီလို့ ဂျာမနီသတင်းထောက် Florian Plettenberg က ဆိုပါတယ်။

လီဗာပူးအသင်းဟာ ဇန်နဝါရီမှာတော့ ဖလူမီနက်စ် ကွင်းလယ်လူ အန်ဒရီ (၂၂ နှစ်) ကိုပဲ ထပ်မံ ကြိုးစားမှာဖြစ်ကာ ဘရာဇီးကလပ်ကလည်း ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ရေး ကြိုဆိုမယ့် လက္ခဏာတွေ ရှိနေပါတယ်။