အသေးစား ဒဏ်ရာ ရနေတဲ့ ဒါဝင်၊ ရိုဘို ၁၀ ပတ်ဝန်းကျင် နားရနိုင်ခြင်း၊ ဆာလာရဲ့ တောင်းဆိုမှုနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ဂါဇာက ပြည်သူတွေဟာ အစာရေစာနဲ့ ဆေးဝါး အကူအညီတွေ အရေးတကြီး လိုအပ်နေတာမို့ အပြစ်မဲ့သူတွေ နောက်ထပ် သတ်ဖြတ်ခံရခြင်းမျိုး မဖြစ်အောင် ကမ္ဘာ့ခေါင်းဆောင်တွေ စည်းလုံးပေးကြဖို့ ဆာလာက သူ့ရဲ့ လူမှုကွန်ယက်တွေက တစ်ဆင့် တောင်းဆိုလိုက်ပါတယ်။

ရော်ဘတ်ဆန်ဟာ ဒဏ်ရာရပြီးနောက် ပထမဆုံးအကြိမ် လူမြင်ကွင်းထံ ထွက်လာခဲ့ပါတယ်။ အခုချိန်ထိတော့ ဒဏ်ရာက ခွဲစိတ်ရမှာလား ဆိုတာကို အတည်ပြုနိုင်ကြခြင်း မရှိသေးဘဲ အဆိုးဆုံးအားဖြင့် ၃ လဝန်းကျင် အနားယူရမှာပါ။

အဲဗာတန်ပွဲမှာ တိုက်စစ်မှူး ဂျိုတာ ပြန်ပြီး ပါဝင်လာနိုင်တော့မှာ ဖြစ်ပေမယ့် ကာတစ်ဂျုံးကတော့ နောက်ထပ် ၂ ပွဲ ဆက်ပြီး ပွဲပယ်ခံရဦးမှာ ဖြစ်ပါတယ်။

ဥရုဂွေး-ဘရာဇီး ပွဲစဉ်အပြီးမှာ တိုက်စစ်မှူး ဒါဝင်ဟာ ကြွက်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒါဝင်ဟာ ဒီတလော ကြွက်သားဒဏ်ရာ အသေးစား ရှိနေပြီး အရှင်းမပျောက်သေးဘဲ ပွဲတွေ ကစားနေတာ ဖြစ်ပါတယ်။

ဒီရာသီ စီနီယာပွဲကစားမှုအဖြစ် လူစားဝင် ကစားခဲ့တဲ့ လုချမ်ဘာဟာ အင်္ဂလန် ယူ-၂၀ အသင်း လေ့ကျင့်ရေးမှာ ခြေကျင်းဝတ် ထိခိုက်ခဲ့လို့ လီဗာပူးထံ ပြန်ရောက်နေပါပြီ။

ညာအစွန်လူ ဘရတ်ဒလေဟာ နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်မှာလည်း ဘောလုံး ပြန်ကစားနိုင်ဖို့ ခက်ခဲမယ်လို့ မြောက်အိုက်ယာလန် နည်းပြက ထုတ်ပြောသွားပါတယ်။

နိုင်ငံတကာ သီတင်းပတ်မှာ လီဗာပူးအသင်းဟာ ပေါ်တူဂီ ကြယ်ပွင့်တွေဖြစ်တဲ့ အန်နာဆီယိုနဲ့ နက်တိုတို့ရဲ့ ခြေစွမ်းကို လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပြင်သစ်သား ကွင်းလယ်လူ မန်နူကိုနေးကို ခေါ်ယူရေးထက် ဘရာဇီး ကြယ်ပွင့် အန်ဒရီကိုပဲ ပိုမို သဘောကျနေပါတယ်။