လီဗာပူးပွဲတွေမှာ မိနစ် ၉၀ ပွဲချိန်အတွင်း သူ့အကြောင်း သီချင်းလုပ်ပြီး သီဆိုတာတွေ ရပ်တန့်ပေးဖို့ ယာဂင်ကလော့ပ်က ထုတ်ပြောလာခဲ့ပြီ ဖြစ်ပါတယ်။
The Beatles ရဲ့ ‘I Feel Fine’ သံစဉ်ကို ယူဆိုထားတဲ့ ‘I’m so Glad’ သီချင်းဟာ မနှစ်က ဖလားလေးလုံး အောင်မြင်မှု လမ်းကြောင်းပေါ် ရှိနေခဲ့တဲ့ လီဗာပူးအသင်းနဲ့အတူ ပေါ်ထွက်လာပါတယ်။ ဒီတလော ပရိသတ်တွေ အကြိုက်ဆုံး သီချင်းတစ်ခု ဖြစ်ခဲ့ပြီး လီဗာပူးပွဲတွေမှာ အမြဲတမ်း ဆက်ဆိုနေခဲ့တာ ဖြစ်ပါတယ်။
မနေ့က စပါးကို ၄-၃ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း အဲ့သီချင်းသံကို ကွင်းထဲမှာ မပြတ်ကြားနေခဲ့ရတာပါ။ ဒါပေမယ့် ၃-၀ နဲ့ ဦးဆောင်ထားတာကနေ ချေပဂိုးတွေ ပြန်ပေးလိုက်ရပြီးမှ ဒီယိုဂိုဂျိုတာရဲ့ နောက်ဆုံးမိနစ်ဂိုးနဲ့ အနိုင်ရခဲ့တာကို မြင်တွေ့ခဲ့ရတဲ့နောက် ကလော့ပ်က ပွဲမပြီးခင် အောင်ပွဲခံသလို ဖြစ်နေတဲ့ လုပ်ရပ်ကို တားဆီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ ကျွန်တော်ပြောမှဖြစ်တော့မယ်။ ပရိသတ်တွေအားလုံးကို ချစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အကြောင်း သီချင်းကိုတော့ မဆိုပါနဲ့။ ဆိုချင်ရင် ပွဲပြီးမှ ဘားတွေမှာဖြစ်ဖြစ် ဆိုကြပါ။ ဘာလို့လဲဆိုတော့ အဲ့ဒါက ပွဲသိမ်းတော့မလို အမြဲတမ်းခံစားရတယ်။
ကျွန်တော်တို့က ၃-၀ နဲ့ ဦးဆောင်နေတယ်.. ကွင်းထဲမှာ ‘I’m so glad that Jurgen is a Red’ ဆိုတဲ့ သီချင်းသံကို ကျွန်တော်ကြားရတယ်။ ပွဲက ပြီးသွားတာ မဟုတ်သေးဘူးလေ။ ဒါမျိုး သီချင်းက ပွဲပြီးမှ ဆိုရင် ပိုကောင်းမှာပါ။
အခုတော့ ပွဲကို ၄-၃ နဲ့ အနိုင်ရလိုက်တာမို့ လူတိုင်းက ပျော်နေမှာပါ။ ကွင်းထဲက ပရိသတ်တွေရဲ့ အားပေးမှုက ဒီပွဲကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ ပေါက်ကွဲမှုတစ်ခုလို ဖြစ်ခဲ့တာပါ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။