ဒဏ်ရာရ အသင်းသားတွေ တိုးလာတဲ့နောက် အဲဗာတန်ပွဲမှာ နည်းပြကလော့ပ် ရွေးချယ်လို့ရမယ့် လီဗာပူး လူစာရင်း

ဘောလုံးရာသီသစ် စတင်လို့ နိုင်ငံတကာ သီတင်းပတ် ၂ ကြိမ် ကစားအပြီး လီဗာပူးအသင်းမှာ ဒဏ်ရာ ပြဿနာတွေ တိုးလာနေပါပြီ။

ဒီစနေနေ့ အစောဆုံးပွဲကိုလည်း လီဗာပူးအသင်းကပဲ အဲဗာတန်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ခြင်းနဲ့ ကျော်ဖြတ်ရမှာဖြစ်လို့ ဒါဘီပွဲအတွက် သုံးနိုင်မယ့် လူစာရင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ၁၂ နာရီခွဲ ပွဲတွေအကြောင်း ပြောစရာတွေ အရှည်ကြီး ရှိပေမယ့် အခုကတော့ လိုရင်းပဲ အရင် ပြောသွားပါမယ်။

ဂိုးသမား

အယ်လီဆန်၊ အတ်ဒရီယန်တို့ပဲ ရှိပါမယ်။ ကလယ်ဟာ ဒဏ်ရာရနေပြီး လူငယ် ဂိုးသမားတွေထဲမှာတော့ ပီတာလူဂါ၊ ဂျာရိုစ့်တို့ ရှိနေပါတယ်။

ခံစစ်

စကော့တလန်အသင်းအတွက် ကစားပေးစဉ် ရော်ဘတ်ဆန် ဒဏ်ရာရခဲ့တာမို့ အဲဗာတန်ပွဲ မပါနိုင်ဖို့ကတော့ သေချာပါတယ်။ သူ့ရဲ့ ဒဏ်ရာ ခွဲစိတ်ရမယ်ဆိုရင် ၂၀၂၄ မှ ဘောလုံးပြန်ကစားနိုင်တော့မှာပါ။ ဘယ်ခြမ်းမှာ တိုက်ရိုက် အစားထိုးဖို့ ကိုစတက် ရှိနေပါတယ်။

နည်းပြကလော့ပ်ဟာ ထရန့်ကို အတွင်းဝင်စေတဲ့ စနစ်ကိုပဲ ဆက်သုံးမှာဖြစ်ပြီး အခုချိန်ဟာ ဗဟိုခံစစ်မှူး ၃ ဦးတွဲ သုံးဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲ မဟုတ်ဘဲ ယူရိုပါလိဂ်နဲ့ ကာရာဘောင်း၊ အက်ဖ်အေလို ပွဲတွေမှာတော့ အဲ့တာမျိုး ဖြစ်လာနိုင်ပါတယ်။

ဗဟိုခံစစ်မှူး နေရာအတွက် ဗန်ဒိုက်၊ အီဘူး၊ မာတစ်၊ ဂိုးမက်စ်၊ ကွမ်းဆက်တို့ ရှိနေပါတယ်။ ညာအစွန်မှာ ထရန့်၊ ဘယ်အစွန်မှာ ကိုစတက်တို့ဖြစ်ကာ အခြားသော အစွန်လူတွေဖြစ်တဲ့ ဘရတ်ဒလေနဲ့ လုချမ်ဘာတို့ကတော့ ဒဏ်ရာ ပြဿနာတွေ ရှိနေပါတယ်။

ကွင်းလယ်

စနစ်သစ်မှာ သက်ရောက်မှု ကြီးမားတဲ့ ကာတစ်ဂျုံးဟာ ပွဲပယ်ပြစ်ဒဏ် ၂ ပွဲ ကျန်နေပါသေးတယ်။ သီယေဂိုနဲ့ ဘာ့ဆဲတစ်တို့ ဒဏ်ရာရနေပြီး ဒီနိုင်ငံတကာ သီတင်းပတ်အပြီး အသင်းလိုက် လေ့ကျင့်ရေးထံ ပြန်ဝင်နိုင်မယ်လို့ သိထားရတာပါ။ ဂက်ပိုပါ ပြန်သက်သာလာဖို့ မျှော်လင့်ရပါတယ်။

လက်ရွေးစင်အသင်းထံ သွားရောက် ပူးပေါင်းထားတဲ့ မာကာနဲ့ ဝါတာရုတို့ကတော့ အခြားသော တိုက်ကြီးတွေကနေ ဥရောပကို ပြန်လာရမှာမို့ ပွဲပန်းဒဏ် ရှိပါလိမ့်မယ်။ နိုင်ငံတကာ သီတင်းပတ်မှာ အင်္ဂလန် ယူ-၂၁ အတွက် ဟာဗေး ခြေစွမ်းပြထားတယ်။ ဂရာဗင်ဘက်ချ်က အက်ဆာမှာပဲ ဆက်ရှိနေပါတယ်။ ဆိုဘိုစလိုင်လည်း ကြံ့ခိုင်မှု ကောင်းနေပါတယ်။

ကွင်းလယ်အတွက်တော့ မာကာ၊ ဝါတာရု၊ ဆိုဘိုစလိုင်၊ ဂရာဗင်ဘက်ချ်၊ ဟာဗေးတို့ ရှိနေမှာ ဖြစ်ပါတယ်။

တိုက်စစ်

စပါးပွဲမှာ ဂက်ပို ဒဏ်ရာရပြီး ဂျိုတာ အနီကဒ်ကြောင့် ပွဲပယ်ခံရတာက ဘရိုက်တန်ပွဲမှာ နည်းပြကလော့ပ် အပြောင်းအလဲ လုပ်ဖို့ အားနည်းစေခဲ့ပါတယ်။

အဲဗာတန်ပွဲမှာ ဂျိုတာ ပြန်ပါနိုင်မှာဖြစ်ပြီး ဂက်ပိုလည်း ပြန်ပြီး ကြံခိုင်နေမယ် မျှော်လင့်ရပေမယ့် ဒါဝင်ကတော့ ဥရုဂွေး ၂-၀ ဘရာဇီးပွဲ အပြီးမှာ အသေးစား ကြွက်သား ဒဏ်ရာ ရှိခဲ့ပါတယ်။ ဒီယက်ဇ်နဲ့ ဆာလာကတော့ အခြေအနေ ကောင်းပါတယ်။

တိုက်စစ်မှာတော့ ဂက်ပို၊ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်တို့ ရှိနေပြီး ဒါဝင်ရဲ့ အခြေအနေ စောင့်ကြည့်ရပါမယ်။