ဂက်ပို ဒဏ်ရာကနေ သက်သာစပြုလာပြီး အဲဗာတန်ပွဲကြို အသင်းရဲ့ လေ့ကျင့်ရေးထဲ ပြန်ဝင်လာပေမယ့် ဘာ့ဆဲတစ်နဲ့ သီယေဂိုကို မမြင်ရသေးပါဘူး။
ဥရုဂွေးပွဲမှာ ကြွက်တက်ခဲ့တဲ့ ဒါဝင်ဟာ ကြာသပတေးနေ့ အက်ဆာမှာလုပ်တဲ့ သွေးပူ လေ့ကျင့်ရေးတွေမှာ ပါဝင်သွားခဲ့ပါတယ်။ လေ့ကျင့်ရေး အပြည့် ပြန်ဝင်နိုင်သလားကတော့ ဒီညနေ့မှ သိရပါမယ်။
ဒီအပတ် လီဗာပူးအသင်း လေ့ကျင့်ရေးမှာ လူငယ် ၄ ဦးဖြစ်တဲ့ ကော်လန် စကန်လွန်၊ ဂျိမ်း မက်ကော်နယ်၊ ထရန့် ကိုနေး ဒိုဟာတီနဲ့ တွမ်မီ ဖီလင်တို့ ပါဝင်လာပါတယ်။
ရော်ဘတ်ဆန်ဟာ ပုခုံးဒဏ်ရာကြောင့် အဲဗာတန်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ ထူးခြားမှုအဖြစ် ဘယ်ခြမ်းမှာ ကိုစတက်ကို တိုက်ရိုက် သုံးဖို့ထက် ခံစစ်မှူး ဂိုးမက်စ်ကို သုံးဖို့ ထောက်ခံမှုတွေ များပြားလာပါတယ်။
ဒီအပတ် လီဗာပူးပွဲစဉ်မှာ ဒယ်လီအလီ၊ အန်ဒရီဂိုးမက်စ်နဲ့ ကိုးမန်းတို့ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ အဲဗာတန်နည်းပြ ဒိုင်ချီက ဆိုပါတယ်။ သို့ပေမယ့် ဂူဟီကတော့ ပြန်လည် ပါဝင်လာမှာပါ။
ဆာလာကို ရောင်းထုတ်ရရင် အစားထိုးဖို့ ချိန်ရွယ်ထားတဲ့ စာရင်းထဲမှာ လီဗာပူးအသင်းက မူဆီယာလာကော ဆာနေးကိုပါ ထည့်သွင်းထားပါတယ်။
အန်ဖီးကွင်းဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းတွေထဲမှာ နံပါတ် ၅ နေရာ ချိတ်ခဲ့ပါတယ်။ ကွင်းတွင်း အားပေးမှု သိပ်ကောင်းပေမယ့်လို့ တည်နေရာနဲ့ ကွင်းဒီဇိုင်းပိုင်းတွေမှာ စပါး၊ နယူးကာဆယ်၊ မန်ယူနိုက်တက်နဲ့ အာဆင်နယ် ကွင်းတွေ ကျော်တက်ခြင်း ခံခဲ့ရတာပါ။
ဂျာမာန် သတင်းထောက် Florian Plettenberg ကတော့ လီဗာပူးအသင်းဟာ လိုက်ဇစ် အားကစားဒါရိုက်တာဟောင်း Max Eberl ကို ခေါ်ယူဖွယ် မရှိဘူးလို့ ဖော်ပြလာပါတယ်။
အီတလီဘက်ကတော့ လီဗာပူးအသင်းဟာ အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာကို ကမ်းလှမ်းမှု လုပ်လိမ့်မယ်လို့ ဖော်ပြနေကြပါတယ်။