ပြီးခဲ့တဲ့ နွေမှာ လီဗာပူးကနေ အလွတ်ဖြင့် ထွက်ခွာသွားတဲ့ ချိန်ဘာလိန်က အသင်းထံက စာချုပ်သစ်ကိစ္စ ရေရေရာရာ အဖြေမရခဲ့ခြင်းကို အံ့အားသင့်မိကြောင်း ထုတ်ပြောလာပါတယ်။
လီဗာပူးအသင်းမှာ ၆ နှစ်ကြာ ရှိခဲ့ပြီး ပွဲပေါင်း ၁၄၆ ပွဲ ကစားခဲ့တဲ့ ချိန်ဘာလိန်ဟာ သူ့ရဲ့ နောက်ဆုံးရာသီမှာ ၁၃ ပွဲပဲ ကစားနိုင်ခဲ့ပါတယ်။ ဒဏ်ရာ ပြဿနာများလှတဲ့ အင်္ဂလန်သားဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ အများစုကို ဆေးရုံနဲ့ ပြန်လည် ထူထောင်ရေးတွေမှာပဲ အချိန်ကုန်ခဲ့တာပါ။
မနှစ်က စနစ်သစ် ပြောင်းလဲချိန်မှာတော့ နည်းပြအဖွဲ့ဟာ ဂျုံး၊ ကိတ်တာတို့လို စာချုပ်ကုန်တော့မယ့် ကစားသမားတွေအစား အကယ်ဒမီထွက် ကာတစ်ဂျုံးကိုပဲ တောက်လျှောက် နေရာပေးခဲ့တာ ဖြစ်ပါတယ်။
ချိန်ဘာလိန်ကတော့ အသင်းဘက်က သူ့ကို စာချုပ်သစ် မချုပ်ဘူးလို့ ယတိပြတ် မပြောခဲ့တာဟာ အနာဂတ်အတွက် ဆုံးဖြတ်ရဖို့ ခက်ခဲပါတယ်လို့ နိုင်ငံတကာသီတင်းပတ် အင်တာဗျူးမှာ ထုတ်ပြောလာပါတယ်။
“ အသင်းဘက်က ကျနော်ကို တစ်ခုခု ဆက်သွယ်ပြောဆိုလာမှာကို လိုချင်ခဲ့ပါတယ်။ အသင်းမှာ ကျနော် ဆက်ပြီး ဘာလုပ်နိုင်မလဲ ဆိုတာတွေကို စဉ်းစားလာရတယ်။ စာချုပ်သစ် မပေးတော့ပါဘူးလို့ လုံးဝကြီး ငြင်းပယ်ခံထားရတာလဲ မဟုတ်ဘူးဗျာ။ အဲ့လိုလည်း အသိမပေးခဲ့ကြဘူး။
ကျနော် တကယ်ရလိုက်တာကတော့ ဒီဓါတ်ပုံဘောင်ကြီးပေါ့ (ရယ်လျက်)။ ဗီလာပွဲမတိုင်ခင် ၃ ရက်လောက် အလိုမှာ ‘အသင်းကနေ ထွက်တော့မယ့် မီလီ၊ ဘော်ဘီ၊ နာဘီနဲ့ မင်းအတွက် ဒီဓါတ်ပုံတွေ လုပ်ထားပေးတယ်’ လို့ အကြောင်းကြားခံရတယ်။
ကျနော်လည်း ‘အော် အေအေ ပေါ့။ ကျေးဇူးပါ ပေါ့ ’။ ဒါပေမယ့် တရားဝင် ပြောဆိုမှုက ဘာမှ မရှိခဲ့ပါဘူး။ ဘာမှ မပြောတာနဲ့တင် အခြေအနေကို သိရမယ့် အနေအထားမျိုး ဖြစ်နေခဲ့တာပေါ့ ” လို့ ချိန်ဘာလိန်က ပြောဆိုသွားပါတယ်။
ချိန်ဘာလိန်ဟာ လက်ရှိမှာတော့ တူရကီကလပ် Besiktas မှာ ကစားနေပြီဖြစ်ကာ လီဗာပူးအသင်းကလည်း ကွင်းလယ်လူသစ်တွေဖြင့် ဗားရှင်းသစ်ကို ပြန်လည် တည်ဆောက်နေပြီ ဖြစ်ပါတယ်။