အန်းဖီးမှာ မာဆေးဆိုဒ် ဒါဘီ ဆိုတော့ဗျာ ထင်ထားတာထက်ကို အများကြီး ပိုမိုက်တာ မြင်ရတော့တာပဲ – ဆိုဘို

ဒီကနေ့ မာဆေးဆိုဒ် ဒါဘီပွဲဟာ မာကာ၊ ဆိုဘို၊ ဂရာဗင်ဘက်ချ်တို့အတွက် သူတို့ရဲ့ လီဗာပူး ကစားသမားဘဝ ပထမဆုံးသော ဒါဘီပွဲစဉ် ဖြစ်ပါတယ်။

ကွင်းလယ်လူတွေထံက အကောင်းမြင်စရာတွေ ရှိခဲ့သလို နိုင်ငံတကာသီတင်းပတ် အပြီး အိမ်ကွင်း ပရိသတ်တွေရှေ့မှာ နိုင်ပွဲရဲ့ အရသာကို ပြန်ရရှိခဲ့ပါတယ်။ ဆိုဘိုကတော့ ဒီခံစားချက်က သိပ်ကို ကောင်းတယ်လို့ ဝေမျှလာခဲ့ပါတယ်။

” ပွဲကတော့ သိပ်ကောင်းတာပေါ့ဗျာ။ အန်းဖီးမှာ ကစားရတယ် ဆိုတာ တကယ်ကို ထူးရှယ်ပါပဲ။ အဲဗာတန် ကို ရင်ဆိုင် ကစားရတယ် ဆိုတာ ဒါဘီပွဲပဲ။ ဒီတော့ ဖီလင်က ပိုကောင်းတာပေါ့။

ဒီနေ့ ပွဲမှာ ကွင်းထဲက အားပေးမှု အတော် ကောင်းမယ်လို့ မျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့် ထင်ထားတာထက်ကို အားပေးသံတွေက ပိုပြီး ကျယ်လောင်နေခဲ့တယ်။ ကျွန်တော် ကွင်းတွေ အများကြီးမှာ ကစားဖူးပါတယ်။ ဒါပေမယ့် ဒီကွင်းကတော့ အကောင်းဆုံးတွေထဲက တစ်ခုပဲ။

အန်းဖီးကွင်းထဲက အားပေးမှုတွေ အကြောင်း ပြောပြတဲ့ ကစားသမားတွေထဲမှာ ထရန့်လည်း ပါပါတယ်။ ဘယ်လို ဖြစ်မလဲ ကျွန်တော်ကလည်း ကြိုမေးခဲ့တယ်။ အသင်းက ဝန်ထမ်းတွေ အားလုံးကပါ အားပေးမှုက သိပ်မိုက်တယ် ပြောထားကြပြီးသား။

ပွဲကို ၁ဝ ယောက်တည်းနဲ့ ကစားရတာ ဘယ်လိုလဲ ကျွန်တော် သိတော့ အဲဗာတန် ဘယ်လို ခံစားရမလဲ ဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ပွဲကိုပဲ အာရုံ စိုက် ကစားရတာပေါ့။ ရလဒ်ကတော့ ဒီသီတင်းပတ် ကို ပြီးပြည့်စုံတဲ့ ပုံစံနဲ့ စတင်နိုင်လိုက်တာပေါ့ဗျာ။ ” လို့ ဆိုဘိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ကို ယာယီတက်နိုင်ခဲ့ပြီး နောက်ပွဲတွေမှာလည်း ဆက်တိုက် အောင်ပွဲယူနိုင်ဖို့ အားထုတ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။