ဒီယက်စ် ပြန်လာပြီ၊ စနစ်သစ်ရဲ့ ခံစစ် ယိုပေါက်၊ ယူရိုပါလိဂ်ကို မျက်စောင်းထိုးလာခြင်းနဲ့ စပါးပွဲအပြီး ပြောစရာများ

ပွဲပြန်ကစားခဲ့ရတဲ့ ဒီယက်စ်

အောက်တိုဘာနောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့တဲ့ ဒီယက်စ်ဟာ တိကျမှု၊ လျင်မြန်မှု၊ ပါးနပ်မှုတွေနဲ့အတူ ဂက်ပို ဖန်တီးပေးတဲ့ အခွင့်အရေးက တစ်ဆင့် ဂိုးတစ်ဂိုး သွင်းယူခဲ့ပါတယ်။ ပေါ်တိုကနေ ပြောင်းလာပြီး ဒီယက်စ်က ဘာလို့ ပရိသတ် အချစ်တော် ဖြစ်လာရလဲဆိုတာကို ပြန်မှတ်မိစေခဲ့တာပါပဲ။

ကလော့ပ်မှာ တိုက်စစ်ရွေးချယ်စရာတွေ အများကြီးရှိနေပြီဖြစ်လို့ ပြိုင်ဘက်အပေါ် မူတည်ပြီး မတူညီတဲ့ အားသာချက်တွေနဲ့ မတူညီတဲ့ ကစားသမားတွေကို အသုံးပြုလို့ရနိုင်ပြီ ဖြစ်ပါတယ်။ အသင်းမှာ ဒီယက်စ်ရှိနေရင် ဘယ်ခြမ်းက တိုက်စစ် ခြိမ်းခြောက်မှုတွေဟာ အတော်လေး ပြင်းထန်နေမှာ သေချာလှပါတယ်။

စနစ်သစ်ရဲ့ ညာခြမ်း နေရာလွတ်

ထရန့်က ကွင်းလယ်ထဲ ဝင်ကစားရတဲ့ နည်းစနစ်အသစ်တစ်ခုကို ကောင်းကောင်း အံဝင်အောင် ကစားခဲ့ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ခံစစ်သမားတွေက ထရန့် ချန်ခဲ့တဲ့ နေရာလွတ်တွေကို ခုခံကာကွယ်ဖို့ရာ အားထုတ်နေရဆဲ ဖြစ်ပါတယ်။ ဒီပွဲမှာ ရိုဘို အာရုံစိုက်မှု သိပ်အားနည်းခဲ့တာကလည်း ခြေပဂိုးတွေ ပေးရခြင်း အကြောင်းရင်းထဲ ပါဝင်ပါတယ်။

စပါးရဲ့ ပထမဂိုးမှာ အဓိက ပြဿနာက ပြိုင်ဘက် တိုက်စစ်ကို ဟန့်တားဖို့ ကိုနတေး ကွင်းလယ်ကို တက်သွားတာကြောင့် လီဗာပူးခံစစ်ရဲ့ ညာနောက်ခြမ်းမှာ နေရာလွတ်ကြီး ဖြစ်သွားခဲ့တာပါ။ ဗန်ဒိုက်ကို အပြစ်တင်ချင်စရာ ဖြစ်ပေမယ့် သူက ညာအစွန်နေရာထိ ဝင်ဖြည့်ပေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး ရိုဘိုကလည်း ခံစစ်မှူး နေရာမှာ အသားမကျခဲ့ပါဘူး။

နည်းစနစ်အသစ်က ဘောလုံးပိုင်ဆိုင်မှုကို ကောင်းကောင်းရစေပေမယ့် ထရန့် ချန်ခဲ့တဲ့ ကွက်လပ်နဲ့ ပတ်သက်ပြီး ဘာလုပ်ရမလဲဆိုတာ အဖြေရှာရဦးမှာပါ။ ဒီပွဲမှာ မြင်တွေ့ခဲ့ရတဲ့ အားနည်းချက်တွေကို ပြင်ဆင်ဖို့ ကလော့ပ်တို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ရူးလောက်စရာပွဲကနေ အရေးပါတဲ့နိုင်ပွဲရ

ရစ်ချာလီဆန်ရဲ့ ဂိုးကြောင့် စပါးတို့ သရေတစ်မှတ်ရသွားပြီ ထင်ခဲ့ရတဲ့နောက် ဂျိုတာက အနိုင်ဂိုး သွင်းယူပေးခဲ့တာနဲ့အတူ ပရိသတ်တွေရဲ့ တက်လိုက်ကျလိုက် ခံစားချက်တွေဟာ ပျော်ရွှင်စရာနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ လီဗာပူးက အစောပိုင်းမှာ ၃-၀ နဲ့ ဦးဆောင်ထားခဲ့တာကြောင့် လွယ်ကူလွန်းတဲ့ပွဲအတွက် ပေါ့လျော့သွားခဲ့တာ ဖြစ်နိုင်ပါတယ်။

အဆုံးသတ်မှာ မနည်းရုန်းကန်ရင်း အနိုင် ၃ မှတ်က အရမ်းချိုမြိန်ခဲ့ပါတယ်။ ကလော့ပ်ကိုယ်တိုင် စံနမူနာဖြစ်ခဲ့ပြီး စတုတ္ထဒိုင်ရှေ့မှာ အောင်ပွဲသွားခံမိခဲ့ပေမယ့် ကံကောင်းလို့ အပြစ်ဒဏ်ကနေ လွတ်သွားခဲ့ပါတယ်။ နောက်ဆုံး မိနစ် အနိုင်ဂိုးဖြစ်တာမို့ ပွဲပြီးအောင်ပွဲခံမှုတွေက ပိုပြီး အားပါပြင်းထန်နေခဲ့တာပါ။

ဥရောပမျှော်လင့်ချက်

တကယ်တမ်းတော့ ချန်ပီယံလိဂ် ဝင်ခွင့်က ပြီးသလောက် ရှိနေပါပြီ။ လီဗာပူး၊ စပါး၊ ဘရိုက်တန်၊ ဗီလာတို့က ယူရိုပါလိဂ်နဲ့ ယူရိုပါ ကွန်းဖရန့် နေရာအတွက် ပြိုင်ဆိုင်နေရတာပါ။ လီဗာပူးရဲ့ ပြန်လည်နိုးကြားလာမှု၊ ဘရိုက်တန်၊ ဗီလာတို့ရဲ့ အရည်အသွေးပြသမှုတွေကြောင့် စပါးဟာ ဒီထက်ပိုကျဆင်းမယ့် အရိပ်အယောင် မြင်နေရပါပြီ။

လီဗာပူးဟာ နောက်ရာသီ ယူရိုပါလိဂ်ဝင်ခွင့် ရနိုင်ဖွယ်ရှိနေပြီး အဆင့် ၇ က ရာသီသိမ်းလို့ ယူရိုပါ ကွန်းဖရန့် မကစားရဖို့က အတော်လေး အရေးကြီးပါတယ်။ ဘာပဲပြောပြော ၂၀၁၅-၂၀၁၆ တုန်းက ဒေါ့မွန်ကို ၄-၃ နဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ပွဲမျိုး ပြန်နွေးထားရတော့မယ့် ပုံပါပဲ။