ဘယ်ခြမ်း စောင့်ကြည့်မှု၊ ရုန်းကန်ရဆဲ ၁၂:၃၀ ပွဲစဉ်၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်ခဲ့တဲ့ နည်းပြကလော့ပ်နဲ့ စကားပြောစရာများ

ဂိုးသွင်းဆဲ ဆာလာ

အဲဗာတန်ရဲ့ ခံစစ်ကို ခပ်နိမ့်နိမ့်ထားပြီး ပိတ်ဆို့ထားမှုကို ဖောက်ထွက်ဖို့ လီဗာပူးအသင်း ရုန်းကန်ခဲ့ရပါတယ်။ ဒီယက်ဇ်ရဲ့ ပါးနပ်တဲ့ ကိုင်တွယ်ပုံကြောင့် အက်ရှလေယန်း အထုတ်ခံခဲ့ရတယ်။ ရလာတဲ့ အခွင့်အရေးကို ဆာလာက အမှားမခံဘဲ အဆုံးသတ်ပေးခဲ့ပါတယ်။

ဒီပွဲမှာ ဆာလာဟာ အဲဗာတန် အစွန်လူရဲ့ ထိန်းချုပ်မှုအောက် ရောက်နေခဲ့ကာ တစ်ဦးချင်း ကျော်ဖြတ်ပုံတွေ လိုအပ်ချက် များခဲ့ပါတယ်။ အဆုံးသတ်ပိုင်းအတွင်း ပါးနပ်မှုနဲ့ ကောင်တာတွေမှာ နေရာယူ မှန်ကန်ခြင်းတွေကြောင့် သူ့ရဲ့ ဒီရာသီ ၆ ဂိုးနဲ့ ၇ ဂိုးမြောက် သွင်းဂိုးတွေ ရခဲ့ပါတယ်။

စောင့်ကြည့်ခဲ့ရတဲ့ ဘယ်ခြမ်း

ရော်ဘတ်ဆန် ဒဏ်ရာရခြင်းနဲ့အတူ ဘယ်အစွန်လူနေရာ ကိုစတက် ပွဲထွက်ခဲ့ပြီး ဘယ်ခြမ်းဟာ အတော်လေး အာရုံစိုက်ခံရတဲ့ နေရာ ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့်လို့ ကိုစတက်ဟာ ချွန်ထွက်နေတဲ့ ခြေစွမ်းမျိုးတော့ ပြသနိုင်ခဲ့ခြင်း မရှိပါဘူး။

စနစ်သစ်ကို ပြောင်းလဲခဲ့ပြီးတည်းက ဘယ်ခြမ်းဟာ လီဗာပူးရဲ့ အတည်ငြိမ်ဆုံး နေရာ ဖြစ်ခဲ့ကာ ရိုဘို၊ ကာတစ်ဂျုံးနဲ့ ဒီယက်ဇ် အတွဲကို ဆက်တိုက် မြင်ခဲ့ရတာပါ။ အဲဗာတန်ပွဲမှာတော့ ကိုစတက်နဲ့ ဂရာဗင်ဘက်ချ်တို့ တွဲထွက်လာခဲ့ရာ ဂရိသားထံက အမှားတွေ မကြာခဏ မြင်ခဲ့ရပါတယ်။

လီဗာပူးရဲ့ ပွဲစဉ်ဇယားအရ နောက်ထပ် ၅ ပွဲလောက်ဟာ ပွဲချောင်နေတယ်လို့ ဆိုနိုင်ပါတယ်။ နည်းပြကလော့ပ်က ဘယ်အစွန်နေရာမှာ ကိုစတက်၊ ကွမ်းဆက်၊ ဂိုးမက်စ်တို့ကို အလှည့်ကျ စမ်းသုံးနိုင်ပြီး ဘယ်ခြမ်း တိုးတက်မှုတွေ မြင်ရဖို့ မျှော်လင့်ပါတယ်။

ရုန်းကန်ရဆဲ ၁၂:၃၀ ပွဲစဉ်

နိုင်ငံတကာ သီတင်းပတ်အပြီး စနေအစောပွဲတွေဟာ အရမ်း ရုန်းကန်ရတာကို ဘောလုံးပရိသတ်တိုင်း သိကြပါတယ်။ သို့ပေမယ့် လူသိနည်းတာကတော့ အဲ့အချိန် ကစားရတဲ့ ပွဲ အများစုဟာ လီဗာပူးအသင်း ပွဲတွေ ဖြစ်နေတာပါပဲ။ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီရဲ့ နိုင်ငံတကာ သီတင်းပတ်အပြီး ၁၂:၃၀ ပွဲစဉ် ၃ ပွဲဆက်တိုက် လီဗာပူးကို ပေးထားပါတယ်။

၁၂:၃၀ ပွဲစဉ်တွေ ရုန်းကန်ရခြင်းရဲ့ ပထမအချက်က နိုင်ငံတကာ သီတင်းပတ်က ပြန်လာစမို့ ကစားသမားတွေ ပွဲပန်းနေတတ်ခြင်း ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ သူတို့ဟာ သက်ဆိုင်ရာ လက်ရွေးစင်တွေမှာ မတူညီတဲ့ စနစ်တွေဖြင့် ကစားခဲ့အပြီး ကလပ်အဆင့် ပြန်တွဲဘက်ရချိန်မှာ ချိန်သားမကိုက်တာမျိုး ဖြစ်တတ်ခြင်းပါပဲ။

စနေအစောပွဲမှာ အသင်းကြီးနဲ့ အသင်းငယ် ထိပ်တိုက်တွေ့ရင် အသင်းငယ်အတွက် တစ်ပန်းသာပါတယ်။ အသင်းကြီးတွေဟာ လက်ရွေးစင် ကစားသမား ပိုများများကို စေလွှတ်ရပြီး အသင်းငယ်တွေကတော့ အနားရ ကစားသမား ပိုရတာမို့ ဒီပွဲအတွက် အင်အားပြည့်နေလေ့ ရှိပါတယ်။

အဲဗာတန်ပွဲမှာ လီဗာပူး ရုန်းကန်ရပေမယ့် ဒါက အိမ်ကွင်းမို့ သက်သာခဲ့ခြင်းဖြစ်ကာ နိုဝင်ဘာလမှာဆိုရင် ၁၂:၃၀ ပွဲကိုပဲ မန်စီးတီးကွင်းထံ သွားရောက် ယှဉ်ပြိုင်ရပါမယ်။

စိတ်မရှည်ခြင်းလား နည်းဗျူဟာ အစိတ်အပိုင်းလား

အဲဗာတန်ပွဲမှာ မိနစ် ၆၀ အတွင်း လီဗာပူးအသင်းဟာ အဲဗာတန် ဂိုးပေါက်ကို ၁၅ ကြိမ် ကန်ထည့်ခဲ့ပါတယ်။ ဂိုးပေါက်တည့်မှုက ၁ ကြိမ်ပဲ ရှိပြီး ပစ်ဖိုဒ့်က အရမ်းကြီး လုပ်ပြနေရတာ မရှိခဲ့ပါဘူး။

ခပ်ဝေးဝေး အနေအထားကနေ ဆိုဘိုစလိုင်နဲ့ ထရန့်တို့က အဝေးကန်ချက်တွေ မကြာခဏ လုပ်ခဲ့ကြပြီ ဒီယက်ဇ်နဲ့ ဟာဗေးတို့ကလည်း ဒုတိယပိုင်းတွေမှာ အဝေးကနေ လှမ်းကန်ခဲ့ကြပါတယ်။ မဖြစ်နိုင်လောက်အောင် ဆိုးရွားတဲ့ ကန်ချက်တွေ မဟုတ်ပေမယ့် သွင်းဂိုးတော့ မဖြစ်ခဲ့ပါဘူး။

၁၀ ယောက်ကျန် အဲဗာတန်က ခံစစ်ကို ပိတ်ပြီး ကစားရာမှာ အသင်းဟာ တောင်ပံတွေကို စိုးမိုးနိုင်ခဲ့တယ်။ သို့ပေမယ့် ဘောလုံးပိုင်ဆိုင်ထားချိန် လုံလောက်အောင် မြန်ဆန်စွာ ကစားနိုင်ခြင်း မရှိတာ ပြိုင်ဘက် ဧရိယာအတွင်း ပေးချက်တွေ မလုပ်နိုင်ရာက ဆာလာရဲ့ ဒုတိယဂိုးရဖို့ ကောင်တာ အခြေအနေကို ပြန်စောင့်ခဲ့ရပါတယ်။

ထရန့်၊ ကိုစတက်၊ ဆိုဘိုတို့ရဲ့ ဖြတ်တင်ဘောတွေကော ထောင့်ကန်ဘောတွေပါ အတော်လေး အလုပ်မဖြစ်ခဲ့ဘဲ အဲဗာတန်ရဲ့ ဆုံးဖြတ်ချက် ညံ့ဖျင်းမှုကြောင့် ရလာတဲ့ ပင်နယ်တီ၊ အနီကဒ်တွေက အသင်းနိုင်ဖို့ အခွင့်အရေး ဖြစ်စေခဲ့ပါတယ်။

ကလော့ပ်ရဲ့ မှန်ကန်တဲ့ လူစားလဲမှု

ဟာဗေး၊ ဒါဝင်တို့ကို လူစားလဲစေတဲ့ နည်းပြရဲ့ ဆုံးဖြတ်ချက်ဟာ ပွဲအခြေအနေကို သက်ရောက်စေခဲ့ပါတယ်။ အသင်းရဲ့ ဖန်တီးနိုင်စွမ်းကော အင်ပြည့်အားပြည့် ကစားနိုင်ခြင်းမှာပါ ထိရောက်မှု ရှိလာခဲ့တယ်။

ဟာဗေးဟာ လူစားဝင်လာချိန်တွေမှာ တော်တော်လေး ကောင်းမွန်မှုရှိပေမယ့် ပြီးခဲ့တဲ့ ဘရိုက်တန်ပွဲတုန်းက သူ့ကို ပွဲထွက်လူစာရင်းကနေ ထည့်ချိန်မှာ ပုံမှန်အောက် ခြေစွမ်းမျိုးပဲ ရှိခဲ့ပါတယ်။

ဒါဝင်ကတော့ ဆာလာ သွင်းဂိုးအတွက် ဖန်တီးပေးတဲ့ အကြိမ်ကလွဲရင် အများကြီး မလုပ်ပြနိုင်ခဲ့ဘူး။ သို့ပေမယ့် သူ့ရဲ့ တိုက်ရိုက် တိုးအားဟာ အဲဗာတန်ကို ဒုက္ခများစေခဲ့ပါတယ်။