မျက်လုံးတောင် ပြူးသွားစေမယ့် ဒါဝင်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အံ့ဖွယ် မှတ်တမ်း အချက်အလက် ထွက်ပေါ်လာ

ဒါဝင် နူးညက်စ်ဟာ လီဗာပူး ကစားသမားဘဝ စတင် အထိုင်ကျလာနေဟန် ရှိကာ အသင်းရဲ့ ရလဒ်တွေမှာ သူ့ရဲ့ သက်ရောက်မှုက ကြီးမားလာနေပါပြီ။

မနှစ်ကရာသီ ပြိုင်ပွဲစုံ ၄၁ ပွဲ ကစားပြီး သွင်းဂိုး ၁၄ ဂိုး သွင်းယူခဲ့တဲ့ ဒါဝင်ဟာ ဒီရာသီမှာ ပုံမှန် ပွဲကစားခွင့်တော့ မရသေးပါဘူး။ လက်ရှိ ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီးချိန်မှာ သူဟာ ၃ ပွဲပဲ ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့်ရထားပါတယ်။

ဒီရာသီ ပွဲကစားချိန် မိနစ် ၃၀၀ အထက် ကစားထားတဲ့ ကစားသမားတွေ အတွင်းမှာ မိနစ် ၉၀ ကစားပြီး ဂိုးထောက်ပံ့မှုနဲ့ သွင်းဂိုး ပြုလုပ်နိုင်တဲ့ တိုက်စစ်သမားတွေအတွင်း ဒါဝင်က ထိပ်ဆုံးက ရှိနေပါတယ်။

ဒီရာသီ ပျှမ်းမျှ မိနစ် ၉၀ တိုင်းမှာ ဒါဝင်ထံက သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု နှစ်ခုပေါင်း ၁.၅၈ ထိ မျှော်လင့်လို့ရနေတယ်။ ဒါဟာ ဒုတိယနေရာက ကော်လမ် ဝဲလ်ဆန် (၁.၃၅)၊ ဆာလာ (၁.၂၈) နဲ့ ဟာလန်း (၁.၁၂) တို့ထက်တောင် သာလွန်နေတဲ့ အချက်အလက် ဖြစ်ပါတယ်။

ဒီရာသီ ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ကိုယ်တိုင် ၄ ဂိုး သွင်းပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ် လုပ်ထားတဲ့ ဒါဝင်ဟာ နယူးကာဆယ်ပွဲမှာ အနိုင် ၃ မှတ် ရစေခဲ့သူ ဖြစ်ပါတယ်။ အဲဗာတန်ပွဲမှာလည်း အနိုင် သေချာစေမယ့် ဆာလာရဲ့ သွင်းဂိုးဟာ ဒါဝင်ရဲ့ အကွက်မြင်မြင် ပေးမှုကနေ ရရှိခဲ့တာပါ။

ရာသီသစ် စတင်လာကတည်းက ဒါဝင် နူးညက်စ်ထံကနေ ပိုမို ရင့်ကျက်လာတဲ့ ခြေစွမ်းမျိုးတွေ မြင်လာရပြီး တိုက်စစ်ဇုန်မှာ တွဲကစားပုံတွေ ပိုကောင်းလာပါတယ်။ ဒါပေမယ့်လို့ တိုက်စစ်သမားတိုင်းရဲ့ အဓိက စိန်ခေါ်မှုတွေဖြစ်တဲ့ ပုံမှန် ပွဲထွက်ခွင့်ရရေး၊ အဆုံးသတ်ပိုင်း ပိုကောင်းရေးတို့ လိုအပ်နေသေးသလို ကြံ့ခိုင်မှုပိုင်း ဂရုစိုက်ဖို့ပါ လိုအပ်မှာ ဖြစ်ပါတယ်။

အခုကစလို့ နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ် အပြီး မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင်မှာ အသင်းက ၆ ပွဲဆက်တိုက် ပွဲချောင်နေပါတယ်။ ဒါကို အခွင့်အရေးအဖြစ် ဒါဝင်ထံက ပိုကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ သွင်းဂိုးတွေ မြင်ရဖို့ မျှော်လင့်မိတာ ဖြစ်ပါတယ်။