အဲဗာတန်ပွဲမှာ ဒီယက်ဇ်ကို ဘယ်အစွန်လူအဖြစ် ကစားခိုင်းခဲ့တဲ့ အိုင်ဒီယာအကြောင်း ကလော့ပ် ရှင်းပြလာ

အဲဗာတန်ပွဲမှာ ပင်နယ်တီ ရခဲ့စဉ် လီဗာပူး ကစားသမားတွေဖြစ်တဲ့ ဆိုဘိုစလိုင်နဲ့ ဗန်ဒိုက်တို့ဟာ ဆာလာ အေးအေးဆေးဆေး ကန်သွင်းနိုင်ဖို့ တာဝန် ကိုယ်စီ ယူခဲ့ကြပါတယ်။

ပြိုင်ဘက်တွေ စိတ်အနှောက်အယှက် မပေးနိုင်အောင် ဗန်ဒိုက်က ပင်နယ်တီနေရာကို ကာကွယ်ထားခဲ့ပြီး ဆိုဘိုက ဘောလုံးကို ယူထားကာ အသင်းဖော်အတွက် ကြိုတင် ကာကွယ်မှု လုပ်ခဲ့ကြတာပါ။

“ အနောက်ကနေ မြင်လိုက်ရတဲ့ အခြေအနေအရ ဒါဟာ ပင်နယ်တီပဲဆိုတာ ကျနော်တော့ ၉၅% သေချာခဲ့ပါတယ်။ ဒါကြောင့် ဘယ်သူမှ လာယူလို့ မရအောင် ဘောလုံးကို ကိုင်ပြီး စောင့်နေခဲ့တယ်။

ဗာဂျယ်ကလည်း အနားက ပင်နယ်တီ ကန်ရမယ့် နေရာကို ရပ်ပြီး ကာကွယ်ပေးနေခဲ့ပါတယ်။ ကျနော်တို့က ပူးပေါင်းလုပ်ဆောင်ရတဲ့ အသင်းဖြစ်ပါတယ် ” လို့ ဆိုဘိုစလိုင်က ထုတ်ပြောခဲ့ပါတယ်။

အဲ့ပင်နယ်တီဟာ ဘယ်ခြမ်းက ဒီယက်ဇ်ရဲ့ ဖြတ်တင်ဘောကနေ ရခဲ့တာပါ။ အဲဗာတန်ပွဲမှာ ဒီယက်ဇ်ဟာ အစွန်တာဝန်ကိုပါ တွဲယူခဲ့ကြောင်း ပရိသတ်တွေ သတိထားမိခဲ့ကြတယ်။ ဒါပေမယ့်လို့ ဒီယက်ဇ်ကို နေရာချခဲ့တာဟာ အဲ့ထက်ကို နောက်ပိုရောက်တဲ့ ဘယ်အစွန်နေရာ ဖြစ်ပါတယ်လို့ ကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။

ဘာလို့ ဒီယက်ဇ်ကို ဘယ်အစွန်လူအဖြစ် သုံးခဲ့လဲဆိုတာကို ကလော့ပ်က ရှင်းပြရာမှာ ” တိုက်စစ်သမား တစ်ယောက်မှ မထုတ်ဘဲ နောက်ထပ် တိုက်စစ်သမား ထည့်လို့ မရပါဘူး? နည်းနည်းတော့ ပြောင်းလဲရမှာပေါ့။ ဒါကြောင့် လူချိုကို ဘယ်အစွန်လူအဖြစ် ကစားခိုင်းခဲ့တာပါ။

ဘယ်ခြမ်းကနေ ခြိမ်းခြောက်ဖို့ အဲဗာတန်မှာ တောင်ပံသမား မရှိပါဘူး။ ဒီတော့ ဒီယက်ဇ်ကို ဘယ်အစွန်ကနေ တိုက်စစ်ကစားခိုင်းဖို့ ဖြစ်နိုင်တယ်လို့ မြင်ခဲ့တယ်။ အဲ့ကနေပဲ သူက ပင်နယ်တီရမယ့် ဖြတ်တင်ဘောကို လုပ်ခဲ့ပါတယ်။ သူ့ကို ဘယ်အစွန်လူအဖြစ် ကစားစေခဲ့တဲ့ အိုင်ဒီယာက သိပ်တော့ မဆိုးလှပါဘူး ” လို့ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဂိုးမက်စ် ဝင်လာခြင်းနဲ့အတူ သူကပဲ ဘယ်အစွန်လူ နေရာကို လက်လွဲ တာဝန်ယူသွားခဲ့တာပဲ ဖြစ်ပါတယ်။