ကြီး ၆ ကြီးထဲ တိုက်စစ်အကောင်းဆုံး အသင်း၊ ယူရိုပါလိဂ်ပွဲမှာ ပြန်ကစားနိုင်မယ့် ကာတစ်ဂျုံးနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

မနေ့က ဘင်ဖီကာနဲ့ ၁-၁ သရေကျခဲ့တဲ့ Premier League International Cup ရဲ့ လူစာရင်းမှာ ကွမ်းဆက်၊ ချမ်ဘာ၊ မက်ကော်နယ်တို့ ပါဝင်သွားပါတယ်။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကိတ်ဂေါ်ဒန်ဟာ ၁၉ လကြာအပြီး မနေ့က ဘင်ဖီကာနဲ့ပွဲမှာ ပြန်ပြီး ပွဲထွက်နိုင်ခဲ့ပါတယ်။

အဲဗာတန်ပွဲဟာ ဟာဗေးဟာ ဘောလုံးပေးမှု ၁၀၀% အောင်မြင်ခဲ့ပြီး ဘောလုံးပြန်ဆယ်မှု ၅ ကြိမ် ရှိခဲ့ပါတယ်။ ဟာဗေးဟာ ဒီရာသီ လူစားဝင် ကစားချိန်တွေမှာ အတော်လေး ခြေစွမ်းပြနိုင်ပါတယ်။

မိုဆာလာဟာ သိပ်ကောင်းတဲ့ ကစားသမားဖြစ်ပြီး သူ့လိုလူက အသင်းဖော်အဖြစ် ရှိနေတာ အရမ်းကျေနပ်တယ်လို့ အယ်လီဆန်က ထုတ်ပြောလာပါတယ်။

အဲဗာတန်ပွဲမှာ ဗန်ဒိုက်ဟာ အမြင့်ဘော ၁၇ ကြိမ် ယှဉ်ပြိုင်ရာမှာ ၁၅ ကြိမ်ထိ အောင်မြင်ခဲ့ပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူးခံစစ်မှာ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံးနဲ့ အရေးပါဆုံး ကစားသမားဖြစ်နေဆဲဖြစ်ပါတယ်။

ဒီရာသီ ကြီး ၆ ကြီးကလပ်တွေထဲမှာ တိုက်စစ်အကောင်းဆုံးက လီဗာပူးအသင်းဖြစ်ကာ မန်စီးတီးထက်တောင် သွင်းဂိုး ၁ ဂိုး ပိုများပါတယ်။ သို့ပေမယ့်လို့ ပရီးမီးယားလိဂ်မှာ လီဗာပူး (၂၀ ဂိုး) ထက် ပိုသွင်းထားနိုင်တဲ့ ကလပ် ၃ သင်းထိ ရှိနေပါတယ်။

လီဗာပူး ယူ-၁၈ အသင်းက ဖူလ်ဟမ် ယူ-၁၈ ကို ၃-၅ ရလဒ်ဖြင့် အရေးနိမ့်တဲ့ပွဲမှာ ၁၇ နှစ်အရွယ် လူငယ်ကွင်းလယ်လူ နိုင်ယွန်နီဟာ သွင်းဂိုး ၁ ဂိုးထပ်ရခဲ့ပါတယ်။

ဒီနှစ်တွေအတွင်း အန်ဖီးကွင်းမှာ ပရိသတ် အားပေးမှုတွေ တိတ်ဆိတ်လာခြင်းကို သတိထားမိလာကြပါတယ်။ ပွဲကြီးတွေမှာ မသိသာပေမယ့်လို့ ပွဲငယ်တွေမှာ ပရိသတ်တွေရဲ့ အားပေးမှုဟာ အတော်လေး ငြိမ်သက်နေတာပါ။

လီဗာပူးနည်းပြအဖွဲ့ဟာ ဒီရာသီ ကစားကွက် ကျစ်လစ်မှုပိုင်းကို ဂရုစိုက်နေပြီး အဲဗာတန်အသင်း တစ်ယောက်လျော့သွားချိန် ဒီယက်ဇ်၊ ဂျိုတာ၊ ဒါဝင်၊ ဆာလာတို့ဖြင့် တိုက်စစ်ကို ၄ ဦး ထားဖို့ထက် ဒီယက်ဇ်ကို ဘယ်အစွန်လူ နေရာပို့ကာ တိုက်စစ်တန်း ၃ ဦးပဲ ထားကစားခဲ့ပါတယ်။

ကြာသပတေးနေ့ည ယူရိုပါလိဂ်ပွဲစဉ်မှာ ကာတစ်ဂျုံး ပြန်ကစားနိုင်မှာဖြစ်ပြီး ဒူးဒဏ်ရာ ၁၂ ချက် ချုပ်ထားရမှုကနေ သက်သာလာလို့ လေ့ကျင့်ရေး ပြန်ဝင်နေတဲ့ ကလယ်ဟာ ပွဲထွက်လာနိုင်ပါတယ်။