အဆင့် ၄ ဆင်းရခြင်း၊ အန်ဖီးဥမင်မှာ တံတွေးထွေးခဲ့တဲ့ ပစ်ဖိုဒ့်၊ မူဆီယာလာရဲ့ ဦးစားပေးထဲ မပါခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

မနက်ကပွဲမှာ စပါးအသင်းက ဖူလ်ဟမ်အသင်းကို ၂-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်း အမှတ်ပေးဇယား စတုတ္ထနေရာကို ဆင်းခဲ့ရပါတယ်။

မိုဆာလာဟာ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။

အသင်းရဲ့ ယူကျု့မှာ တင်ထားတဲ့ ဒါဘီပွဲအတွက် ‘Inside Anfield’ ဗီဒီယို ၄ မိနစ် ၄၇ စက္ကန့်မှာ အဲဗာတန်ဂိုးသမား ပစ်ဖိုဒ့်ရဲ့ အန်ဖီးကွင်း ဥမင်ထဲမှာ တံတွေးထွေးခဲ့တဲ့ ဖြစ်ရပ်ကို မြင်ရပြီးနောက် အင်္ဂလန်ဂိုးသမားအပေါ် ဝေဖန်မှုတွေ ပြုလုပ်နေကြပါတယ်။

အဲဗာတန်ပွဲမှာ ဟာဗေးနဲ့ ဒါဝင်ကို လူစားဝင်စေဖို့ ကလော့ပ်ကို လက်ထောက် နည်းပြပပ်လင်ဒါးက တိုက်တွန်းနေပြီး ကလော့ပ်က သဘောတူဟန်ပြတဲ့ ဗီဒီယို ထွက်ပေါ်လာခဲ့ကာ နည်းပြအဖွဲ့ရဲ့ ပူးပေါင်း လုပ်ဆောင်မှုအပေါ် အကောင်းမြင်တဲ့ ထင်မြင်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

လက်ရှိ မိုဆာလာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက လီဗာပူးကို ဂျရတ် ထမ်းတင်ပေးခဲ့တဲ့ ပုံစံလိုပဲ ကလပ်ရဲ့ မရှိမဖြစ် ကစားသမားအဖြစ် တောက်ပနေကြောင်း ဝေဖန်ရေးသမားတွေက မှတ်ချက်ပေးလာကြပါတယ်။

ယာဂင်ကလော့ပ်က ဘရာဇီးကလပ် ဖလူမီနက်စ် ကွင်းလယ်လူ အန်ဒရီကို သဘောကျပေမယ့် ဒီအပတ်တွေအတွင်း ကလပ်နှစ်သင်းကြား အပြောင်းအရွှေ့ စကားပြောမှု စတင်လာခြင်း မရှိသေးပါဘူး။

ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာနိုင်တဲ့ မူဆီယာလာရဲ့ ဦးစားပေး အသင်းထဲမှာ လီဗာပူး မပါဝင်ဘူးလို့ ဂျာမာန် သတင်းတွေက ဆိုပါတယ်။ ၎င်းကို ရီးရဲလ်နဲ့ မန်စီးတီးကလည်း စိတ်ဝင်စားနေပါတယ်။

နွေတုန်းကပဲ လီဗာပူးအသင်းကို ရောက်ရှိလာတဲ့ အသက် ၁၆ နှစ်အရွယ် ခံစစ်မှူး Amara Nallo ဟာ ယူ-၂၁ အသင်းမှာ ခြေစွမ်းတောက်ပနေပြီး သတိပြုစရာ အနေအထားထိ တိုးတက်လာနေပါတယ်။