နွေကမှ အသင်းပြောင်းလာခဲ့ပြီး အကယ်ဒမီမှာ ငယ်ငယ်လေးနဲ့ ခြေစွာလွန်းနေတဲ့ လီဗာပူး ခံစစ်မှူး

လီဗာပူးအသင်းဟာ ကလပ်ရဲ့ အကယ်ဒမီကို အထူးအာရုံစိုက်လာခဲ့ကာ ဒီနွေမှာ နိုင်ယွန်နီ၊ အမရာ နယ်လိုနဲ့ ဟာဗေး အိုဝင်တို့လို အင်္ဂလန်ရဲ့ အကောင်းဆုံး ကြယ်ပွင့်တွေကို အခြားအသင်းတွေနဲ့ ပြိုင်ဆိုင်ပြီး ခေါ်ယူခဲ့ပါတယ်။

ကွင်းလယ်လူ နိုင်ယွန်နီဟာ သတင်းခေါင်းကြီးတွေမှာ မကြာခဏ ပါဝင်လာနေပြီး ၎င်းဟာ ယူ-၁၈ အသင်းအတွက် ၅ ပွဲ ကစားထားရာမှာ ကိုယ်တိုင် ၄ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၃ ကြိမ် လုပ်ထားနိုင်ခဲ့တယ်။

ဒါပေမယ့်လို့ သူတစ်ဦးတည်း တောက်ပနေတာတော့ မဟုတ်ဘဲ ဝက်စ်ဟမ်းကနေ ပြောင်းလာခဲ့တဲ့ ခံစစ်မှူး နယ်လိုဟာလည်း ယူ-၂၁ အသင်းမှာ တောက်ပနေကာ နောက်ဆုံး ၄ ပွဲဆက်ကို အဓိက ခံစစ်မှူးအဖြစ် ပွဲထွက်လာနေပြီ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ နယ်လိုဟာ အရပ်အမောင်းကောင်းသလို ရုက်ပိုင်းဆိုင်ရာ သန်မာပြီး ဘောလုံးကိုင်နိုင်စွမ်းမှာ တည်ငြိမ်မှုရှိပါတယ်။ သူဟာ ဘယ်ခြမ်း ဗဟိုခံစစ်မှူးအဖြစ် ကစားနေကာ မိုနာကို၊ ပဲလေစ့်၊ ဘင်ဖီကာ၊ လိဂ်တူးကလပ် ဘက်လက်ပူးတို့ဖြင့် ရင်ဆိုင်ထားတဲ့ ယူ-၂၁ ပွဲတွေမှာ အဓိက ခံစစ်မှူး ဖြစ်လာနေတယ်။

တနင်္ဂနွေနေ့က ဘင်ဖီကာနဲ့ ၁-၁ သရေကျခဲ့တဲ့ Premier League International Cup ပွဲမှာတော့ ဒီရာသီ စီနီယာအဆင့်ကို ရောက်နေတဲ့ ခံစစ်မှူး ကွမ်းဆက်ဖြင့် တွဲဘက်ကစားခဲ့တာ ဖြစ်ပါတယ်။ သူတို့ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်အသင်း တိုက်စစ်သမားတွေဟာ အများအားဖြင့် အသက် ၂၀ အရွယ်နဲ့ အဲ့ထက် အသက်ပိုကြီးတဲ့သူတွေပါ။

အကယ်ဒမီနည်းပြတွေကတော့ နယ်လိုကဲ့သို့ အသက်ငယ်ငယ် ရင့်ကျက်သူမျိုးကို မမြင်ဖူးကြောင်း မှတ်ချက်ပေးနေသလို စီနီယာအဆင့် ပြိုင်ဘက်တွေကို (ဘလက်ပူးလ်အသင်းကြီးနဲ့က EFL Trophy ပွဲ ယှဉ်ပြိုင်ရတာပါ) ရင်ဆိုင်နိုင်စွမ်းရှိတာကို အံ့ဩသင့်နေတယ်။

အကယ်ဒမီရဲ့ အကောင်းဆုံး ခံစစ်မှူးအဖြစ် ထင်ရှားလာတဲ့ ကွမ်းဆက်ကလည်း စီနီယာအဆင့်အတွက် ကစားပေးရင်းမှာ အကယ်ဒမီ ခံစစ်မှူးတွေကို လက်တွဲခေါ်ယူရတဲ့ တာဝန်ကိုပါ ပူးတွဲယူပြီး လူငယ်အသင်းပွဲတွေကိုလည်း ဝင်ကစားပေးနေတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ နယ်လိုကို တတ်နိုင်သလောက် အမြင့်ဆုံးသော လူငယ်ပွဲတွေမှာ ပွဲထုတ်သွားမှာဖြစ်ကာ ၂၀၂၄ နွေမှာတော့ စီနီယာအသင်းနဲ့ ရာသီကြို လေ့ကျင့်ရေး ဝင်စေဖို့ ရည်မှန်းထားဟန် ရှိနေတာ ဖြစ်ပါတယ်။