ဂျရတ်ကိုကျော်ပြီး ပရီးမီးယားလိဂ်ခေတ်မှာ လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားက ဆာလာပါလို့ ဆက်တန် ထောက်ပြ

ပရီးမီးယားလိဂ်ခေတ်မှာ လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားဟာ ဆာလာပဲဖြစ်တယ်လို့ ဒေးလီးမေလ်းကနေ ခရစ်ဆက်တန်က ဆွေးနွေးမှု ပြုလုပ်သွားပါတယ်။

မာဆေးဆိုဒ်ဒါဘီမှာ ဆာလာဟာ ပုံမှန်ခြေစွမ်းအောက်မှာပဲ ရှိနေပေမယ့် သွင်းဂိုး ၂ ဂိုးကို ရယူသွားခဲ့တာပါ။ အသက် ၃၁ နှစ်အရွယ် ကြယ်ပွင့်ဟာ ဖာမင်နိုနဲ့ မာနေး မရှိတော့တဲ့ လီဗာပူးတိုက်စစ်မှာ ခြေစွာနေဆဲဖြစ်သလို လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်သမားထဲ ပါဝင်နေဆဲပါ။

ဆာလာဟာ လီဗာပူးရဲ့ ဂန္တဝင်ကြီးဖြစ်တဲ့ ဂျရတ်နဲ့ တစ်တန်းတည်း ထားရမယ့် ကစားသမားမျိုးဖြစ်သလို ပရီးမီးယားလိဂ်ခေတ်မှာ သူ့ထက် ပိုကောင်းတဲ့ ကစားသမားတောင် မရှိဘူးလို့ ဝါရင့် သုံးသပ်သူ ဆက်တန်က မြင်ပါတယ်။

‘ စတီဗင်ဂျရတ်က လီဗာပူးရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးပါ။ ဒီအငြင်းအခုံကို လုပ်ရတာကလည်း လီဗာပူး ကစားသမားဘဝ ၇ နှစ်အတွင်း ဆာလာ ဘယ်လောက်တောင် လုပ်ပြခဲ့တယ်ဆိုတာ ဆွေးနွေးနိုင်ဖို့ပါ။ ဂျရတ်က လီဗာပူးကို နှစ်တွေအကြာကြီး ထမ်းတင်ခဲ့ပါတယ်။

ဆာလာက လီဗာပူးကို စရောက်လာတည်းက အရမ်းကို ထူးခြား ကောင်းမွန်ထားပါတယ်။ သူ လီဗာပူးကို ရောက်လာပြီး ကစားရမယ့် ပရီးမီးယားလိဂ်ပွဲ ၂၃၇ ပွဲမှာ သူက ၂၂၇ ပွဲထိ ကစားထားနိုင်ပါတယ်။ သွင်းဂိုးဆိုရင် ၁၉၄ ဂိုးထိ သွင်းယူထားပါတယ်။

ဂျရတ်က လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား အနိုင်မရခဲ့ဘူး။ မိုဆာလာက ပရီးမီးယားလိဂ်ခေတ်မှာ လီဗာပူးရဲ့ အကောင်းဆုံး ကစားသမား မဟုတ်ဘူးလို့ ငြင်းခုံဖို့ရာ ခက်ခဲလှပါတယ် ‘ လို့ ဆွေးနွေးခဲ့ပါတယ်။

ဆာလာဟာ ၂၀၁၇ မှာ လီဗာပူးကို ရောက်လာပြီးတည်းက ရွှေဖိနပ်ဆု ၃ ကြိမ် အောင်မြင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ကျင်လည်ရင်း ကမ္ဘာ့အဆင့်ထိ တက်ရောက်သွားခဲ့သူပါ။ သူဟာ ရော်နယ်ဒိုနည်းတူ ချီးကျူးဂုဏ်ပြုမှုတွေ ရသင့်သူလို့လည်း ဆက်တန်က မြင်ပါတယ်။

ဆက်တန်ကပဲ ‘ လူတွေက တကယ့် စစ်မှန်တဲ့ အကောင်းဆုံး ကစားသမား၊ ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးကို ကြည့်နေရတာကို သတိမပြုမိကြပါဘူး။ အင်္ဂလန်လိဂ်မှာ ရော်နယ်ဒို လုပ်ခဲ့သလို နည်းလမ်းမျိုးနဲ့ ချီးကျူးခံရမှုတွေ မရှိပါဘူး။

စနေနေ့တုန်းက ဆာလာဟာ အကောင်းဆုံး မကစားနိုင်တာတောင် ဂိုးသွင်းနိုင်ခဲ့တယ်။ အန်ဖီးမှာ ဆာလာထံက ဂိုးတွေ အမြဲတမ်း မျှော်လင့်နိုင်ပါတယ်။ ကလပ်အပေါ် သူ့ရဲ့ သက်ရောက်မှုက သိပ်ကြီးမားပါတယ် ‘ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။