

အန်ဒီ ရော်ဘတ်ဆန်ဟာ ဒဏ်ရာကြောင့် ၃ လဝန်းကျင် အနားယူရမယ် ခန့်မှန်းထားရပြီး အဲ့အတွင်းမှာ လီဗာပူးအသင်းဟာ ပွဲပေါင်း ၁၄ ပွဲကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
အဲဗာတန်ပွဲမှာတော့ ဘယ်အစွန်လူ အဖြစ် ကိုစတက်ကို ထုတ်သုံးခဲ့ပြီး ပွဲချိန်တွင်းမှာ ဒီယက်ဇ်ကို နောက်ဆင်းစေခဲ့ကာ ပွဲပြီးခါနီး ဂိုးမက်စ်ကို တာဝန်ယူစေတဲ့ထိ ၃ ဦး အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။
ဘယ်ခြမ်းနေရာ ကိုစတက်က ဦးစားပေး ရွေးချယ်စရာ ရှိလာပေမယ့် အသက် ၂၇ နှစ်အရွယ် ဂရိသားဟာ ပွဲတိုင်းတော့ ကစားရမှာ မဟုတ်ပါဘူး။ စီနီယာတွေ မဟုတ်ဘဲ ဘယ်အစွန်နေရာအတွက် အခြားသော ရွေးချယ်စရာတွေက လုခ်ချမ်ဘာ ၁၉ နှစ်နဲ့ ကော်လမ် စကန်လွန် ၁၈ နှစ်တို့ ရှိနေပါတယ်။
ယူရိုပါလိဂ်ပွဲစဉ် ၄ ပွဲ၊ ကာရာဘောင်းဖလား ပွဲစဉ် ၁ ပွဲတို့ ကျန်ရှိနေတာနဲ့အတူ ဆယ်ကျော်သက်လေးတွေဟာလည်း အခွင့်အရေး ရလာဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့လ လက်စတာနဲ့ ယှဉ်ပြိုင်ရတဲ့ ကာရာဘောင်းပွဲမှာ ချမ်ဘာဟာ လူစားဝင် ကစားသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့ပါတယ်။ သူဟာ ယူနီယံ စိန့်နဲ့ ယူရိုပါလိဂ်ပွဲ၊ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာလည်း အရန်လူစာရင်းက ပါဝင်လာခဲ့တယ်။
နိုင်ငံတကာသီတင်းပတ်အပြီး အသေးစား ဒဏ်ရာကြောင့် အဲဗာတန်ပွဲမှာတော့ ချမ်ဘာအစား စကန်လွန်ကို ဘယ်အစွန်လူအဖြစ် အရန်စာရင်းကနေ ထည့်လာခဲ့ပါတယ်။
အဲဗာတန်ပွဲအပြီး Premier League International Cup ပွဲစဉ်မှာ လီဗာပူး ယူ-၂၁ အသင်းအတွက် ချမ်ဘာက ပထမပိုင်း ကစားခဲ့ကာ စကန်လွန်က ဒုတိယပိုင်း ကစားခဲ့ပါတယ်။ ယူ-၂၁ အဆင့်မှာ ချမ်ဘာဟာ ဘယ်အစွန်လူ၊ စကန်လွန်က ဘယ်တောင်ပံသမားအဖြစ် ကစားနေခဲ့တာ ဖြစ်ပါတယ်။
ချမ်ဘာဟာ မနှစ်ကရာသီ ရာသီကြိုတည်းက စီနီယာအသင်းနဲ့ လေ့ကျင့်ရေး စဝင်ခဲ့သူပါ။ သူဟာ အင်္ဂလန် ယူ-၁၉ အသင်းနဲ့အတူ ယူရိုပြိုင်ပွဲမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကွမ်းဆက်နဲ့ တစ်သုတ်တည်း ကစားသမားဖြစ်ပြီး ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်ထံက ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး လီဗာပူး ဆက်နေဖို့ ဆုံးဖြတ်ခဲ့သူပါ။
လီဗာပူးလေ့ကျင့်ရေးမှာ ဆာလာကို နေ့စဉ် ရင်ဆိုင်နေရတဲ့ ဘယ်အစွန်လူ ချမ်ဘာကို အသင်းနည်းပြအဖွဲ့က အထင်ကြီးပါတယ်။ သူ့ကို ဘယ်အစွန်လူ စစ်စစ်အဖြစ် မြင်ထားပြီး ဗဟိုခံစစ်မှူးနေရာလည်း ကစားနိုင်ပါတယ်။ ရော်ဘတ်ဆန်ရဲ့ ကစားဟန်မျိုး ကစားနိုင်ပြီး အသက် ၆ နှစ်အရွယ်တည်းက လီဗာပူးနဲ့ ပူးပေါင်းခဲ့သူ၊ ရင့်ကျက်သူလို့ သိရတယ်။
မနှစ်ကရာသီ ချမ်ဘာ စကော့တလန်လိဂ်ကို အငှားထွက်ရာက စကန်လွန်ဟာ ယူအီးအက်ဖ်အေ လူငယ်ပွဲစဉ်တွေမှာနဲ့ ယူ-၂၁ အဆင့်မှာ နေရာရလာခဲ့ပါတယ်။ ဒီရာသီကြိုမှာလည်း ချမ်ဘာ နားနေရတာမို့ စကန်လွန်ကပဲ နေရာရခဲ့ပါတယ်။
ဘာမင်ဂမ်ကနေ ပြောင်းလာတဲ့ သူကတော့ တိုက်စစ်အားသန် ကစားသမားမျိုးဖြစ်ပြီး သူ့ရဲ့ စိတ်ထား၊ သင်ယူလိုခြင်းနဲ့ လေးစားတတ်မှုတွေကြောင့် နည်းပြအဖွဲ့က သဘောကျခြင်း ခံရပါတယ်။ စကန်လွန်ဟာ ခံစစ်ပိုင်း ကူညီမှုမှာ လိုအပ်မှုရှိနေဆဲ ဖြစ်ပါတယ်။
ချမ်ဘာနဲ့ စကန်လွန်တို့ဟာ မတူညီတဲ့ ဘယ်အစွန်လူ နှစ်ဦးအဖြစ် နည်းပြအဖွဲ့ရဲ့ သတိပြုမိခြင်းကို ခံထားရပြီး ဒီနှစ်ထဲမှာ စီနီယာအဆင့် ပွဲထွက်ခွင့်ကို ရရှိသွားမယ်လို့ မှန်းဆခံနေရပါတယ်။