လီဗာပူးက ကွင်းလယ်အတွက် ခေါ်ယူမှုကြီးတွေ လုပ်ဖို့ မလိုကြောင်း ထောက်ပြတဲ့ ဂရေမီ ဆောင်းနက်စ်

လီဗာပူးအသင်းမှာ ကြယ်ပွင့်တွေဖြစ်တဲ့ ဟာဗေးနဲ့ ကာတစ်ဂျုံးစ်တို့ ရှိနေတာကြောင့် ကလော့ပ်အနေနဲ့ ဒီနွေရာသီမှာ ဈေးကြီးတဲ့ ခေါ်ယူအားဖြည့်မှုတွေလုပ်ဖို့ လိုအပ်ရဲ့လားလို့ ကလပ် ကစားသမားဟောင်းကြီး ဂရေမီ ဆောင်းနက်စ်က အံ့အားသင့်ဖွယ် ထောက်ပြခဲ့ပါတယ်။

ဟာဗေးဟာ ဒီရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၄၂ ပွဲထိ ကစားခွင့်ရခဲ့ပြီး ၅ ဂိုး သွင်းယူထားတယ်။ ဂျုံးကတော့ နောက်ဆုံး ၅ ပွဲဆက် ပွဲထွက်ခွင့် ရထားပါတယ်။ ဒီကွင်းလယ်လူ နှစ်ယောက်ဟာ အန်ဖီးမှာ ပွဲထွက်နေရာတွေ အပိုင်သိမ်းထားဖို့ အခွင့်အရေးရှိတယ်လို့ ဆောင်းနက်စ်က မြင်နေတာပါ။

“ သူတို့ထဲက တချို့ဟာ ကလပ်မှာ အနာဂတ်အတွက် တိုက်ပွဲဝင်နေရတယ်။ လူငယ်ကစားသမားတွေဖြစ်တဲ့ ဟာဗေးအဲလီယော့နဲ့ ကာတစ်ဂျုံးစ်တို့က ဈေးကြီးတဲ့ ကွင်းလယ်လူတွေ ဝယ်စရာ မလိုဘူးဆိုတာ နည်းပြကို ပြသရမယ်။ လိုအပ်တဲ့ ကွင်းလယ်လူ ရှိပြီးသားဆိုတာကိုပေါ့ ” လို့ ဆောင်းနက်စ်က ပြောခဲ့တာပါ။

မနေ့ကပွဲမှာ လီဗာပူးဟာ ပွဲအစ ၁၅ မိနစ်အတွင်း ၃-၀ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စပါးတို့ ပွဲထဲ ပြန်ဝင်လာအောင် အခွင့်အရေး ပေးခဲ့လို့ နာကျင်အချိန်ပို နောက်ဆုံးမိနစ်လောက်မှ ဂျိုတာက အနိုင်ဂိုး သွင်းယူပေးလိုက်တာ ဖြစ်ပါတယ်။ ဆောင်းနက်စ်ကတော့ အသင်းရဲ့ ခြေစွမ်းကို အထင်မကြီးနေခဲ့ပါဘူး။

“ ဒီနှစ်မှာ လီဗာပူးက အပတ်တိုင်း တိုက်ပွဲဝင်ဖို့ အဆင့်သင့်မဖြစ်နေခဲ့ဘူး။ စိတ်အားထက်သန်မှုအကြောင်း ကျွန်တော်တို့ ပြောကြတယ်။ ဒါက မီးခလုတ်လိုမျိုး ပိတ်လိုက်၊ ဖွင့်လိုက် လုပ်လို့မရဘူး။ အသင်းကြီးတစ်သင်းအတွက် ကစားပေးတဲ့အခါမှာ အမြဲတမ်း စိတ်ဓာတ်က ပြင်းပြနေဖို့လိုတယ်။ ဒီနှစ်မှာ ကစားသမားတွေက အဲ့လို မလုပ်ပြနိုင်ခဲ့ဘူး ” လို့ ဆောင်းနက်စ်က ဆိုခဲ့ပါတယ်။

လီဗာပူးဟာ စပါးကို အနိုင်ရပြီးနောက် အဆင့် ၅ နေရာကို တက်သွားခဲ့ပေမယ့် တစ်ပွဲပိုကစားထားပြီးတော့ အဆင့်လေးနေရာက မန်ချက်စတာယူနိုက်တက်နဲ့ ၇ မှတ် ကွာဟနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တော့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။