

သက်သောင့်သက်သာ နိုင်ပွဲ
ဒီပွဲမှာ အဖွင့်ဂိုး သွင်းယူအပြီး ဒုတိယဂိုး မရခဲ့ကြားမှာ တူးလုစ့်ဘက်က ခြေပဂိုး ပြန်ရခဲ့သလို အသင်းအနေနဲ့ ကစားကွက်တည်ဖို့ ရုန်းကန်ရတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ တစ်ဦးချင်းပိုင်းမှာ ပြင်သစ်ကလပ်ထက်ကို အပြတ်အသတ် သာလွန်နေခဲ့ပြီး ဦးဆောင်ဂိုးတွေ ပြန်ယူဖို့ မခက်ခဲခဲ့ပါဘူး။
ဂျိုတာရဲ့ သွင်းဂိုးက တော်တော်လေး ကောင်းသလို၊ ဝါတာရုရဲ့ ခေါင်းတိုက်ဂိုး၊ ဆာလာရဲ့ နောက်ဆုံး အလုံးတွေဟာလည်း ကလပ် ယူနေကျ ပုံစံတွေကနေ သွင်းဂိုး ရယူနိုင်ခြင်းပါ။
သဘောကျစရာက လုခ်ချိမ်ဘာ၊ စကန်လွန်၊ မက်ကော်နယ်တို့လို လူငယ်တွေ ပွဲကစားခွင့် မိနစ်တွေရခဲ့ခြင်းဖြစ်တယ်။ ဒါ့အပြင် ဒါဝင်၊ ဂရာဗင်ဘက်ချ်၊ ဂက်ပို၊ အန်ဒို၊ ဟာဗေး၊ ကွမ်းဆက်၊ ကလယ်ဟာ အစရှိတဲ့ ပွဲကစားချိန် လိုအပ်နေသူတွေကို ပွဲမိနစ်တွေ စီစဉ်ပေးနိုင်ခဲ့ပြီး စီနီယာ အများစု အနားရခဲ့ပါတယ်။
ကွင်းလယ်ကို လွှမ်းမိုးခဲ့တဲ့ အန်ဒို
Endo first goal for Liverpool after Trent assist. The header, the confidence, and the wink, Wataru San got it all. pic.twitter.com/A1QX5nmgsB
— K (@KeiLFC8) October 27, 2023
ဒီပွဲမှာ လူတိုင်း စိတ်ဝင်စားနေကြတဲ့ ကစားသမားတွေထဲ ဝါတာရု အန်ဒိုလည်း ပါဝင်ပါတယ်။ လီဗာပူးကို ရောက်လာပြီးတည်းက ပရီးမီးယားလိဂ်မှာ နေရာသိပ်မရတဲ့ အန်ဒိုဟာ နယ်မြေသစ်မှာ အသင်းသစ်၊ ကစားကွက်အသစ်၊ အသင်းဖော်အသစ်တွေဖြင့် အထိုင်ကျအောင် ကြိုးစားနေရဆဲပါ။
လီဗာပူးအသင်းရဲ့ တစ်ဦးတည်းသော ကွင်းလယ်ခံစစ်သမား စစ်စစ်ဟာ အတွေ့အကြုံ ရင့်ကျက်ပြီး ပြိုင်ဘက်တွေကို ထိပ်တိုက်တွေ့ဖို့ မကြောက်ရွံ့ပါဘူး။ သူ့ရဲ့ အမြင့်ဘော ကောင်းမွန်မှုက အံ့ဩစရာဖြစ်ပြီး ခံစစ်ကြောင်းရှေ့မှာ ပြိုင်ဘက်တွေထံက ဘောလုံးကို လုယူနိုင်စွမ်း ရှိပါတယ်။
သူ့ရဲ့ ကောင်းမွန်တဲ့ အရည်အချင်း တစ်ရပ်ကတော့ ခံစစ်ကာကွယ်မှုတင် မဟုတ်ဘဲ ပြိုင်ဘက်အသင်းရဲ့ လိုင်းတွေကို ကျော်ပြီး တိုက်စစ်အတွက် ဘောလုံးပေးနိုင်တဲ့ တိုက်စစ်အမြင်မျိုး ရှိတာပါ။ ဒီပွဲမှာတော့ အန်ဒိုက အတော်လေး လူကြိုက်များခဲ့ပါတယ်။
အထင်ကြီးစရာ ဂရာဗင်ဘက်ချ်
ဘိုင်ယန်မြူးနစ်က ဘာလို့များ ဂရာဗင်ဘက်ချ်ကို နှေးကွေးတယ်၊ ပျင်းရိတယ်ဆိုတဲ့ နာမည်ဆိုးတွေ ထွက်စေတာလည်း နားလည်ဖို့ရာ ခက်ပါတယ်။ နယ်သာလန်သားဟာ တော်တော်လေးကို လုပ်နိုင်ကိုင်နိုင်စွမ်းရှိသူပါ။
သူ့ထံက ကာတစ်ဂျုံး ပုံစံ အထနှေးမှုမျိုး မြင်နေရဆဲဆိုပေမယ့် ခံစစ်ထိ ဘောလုံး လိုက်လုပေးလိုစိတ်၊ ဘောလုံးဆင်းယူပေးလိုစိတ်ရှိပါတယ်။ အထင်ကြီးစရာ အရည်အချင်းတွေ ပိုများပါတယ်။
ဂရာဗင်ဘက်ချ်နဲ့ ပတ်သက်ပြီး သဘောကျစရာ ကောင်းတာက တိုက်စစ်ကို ဘောလုံး သယ်ယူလာနိုင်စွမ်း အရမ်းကောင်းတာပါပဲ။ သူဟာ ဘောလုံးနဲ့အတူကော ဘောလုံး မပါချိန်မှာပါ အချိန်မှန် နေရာမှန်ကို ရောက်ရောက်လာတတ်တာပါ။ ဒါက သူ့ရဲ့ ပွဲဖတ်နိုင်စွမ်းရှိမှု၊ စိတ်တည်ငြိမ်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ပွဲမဆူစေရင် ဒါဝင် မမြည်
Just look at the reactions of Trent, Curtis, Gravenberch and all the lads on the bench to Nunez after his miss/RG goal 😂. They all love him so much. The team spirit Klopp has built at #LFC is unreal pic.twitter.com/JSiTcTfErj
— Paul (Maych) Machin (@ThePaulMachin) October 26, 2023
ဒါဝင်က ဒီနောက်ပိုင်း ပွဲတွေမှာ ခြေတော်တော်လေး တက်လာနေပါတယ်။ သူဟာ လက်ရွေးစင်နဲ့ ကလပ်ကြား ပွဲဆက်မှုရဲ့ ရိုက်ခတ်မှုဒဏ်ကိုတော့ ခက်ခက်ခဲခဲ ရုန်းနေရပါတယ်။ အသေးစား ဒဏ်ရာကြောင့် ပွဲချိန်ပြည့်တော့ စွန့်စားပြီး သုံးလို့ မရသေးပါဘူး။
တူးလုစ့်ပွဲမှာ ဒါဝင်ဟာ အထောင်တိုက်စစ်မှူး တစ်ယောက်ရဲ့ လုပ်ရည်ကိုင်ရည်မျိုးကို ပြခဲ့ပါတယ်။ ဖိအားပေးတယ်၊ ဘောလုံး ဆင်းဆယ်ပေးတယ်၊ ခံစစ်ကစားကွက် တည်နေချိန် ပြေးလမ်းတွေကို ဖန်တီးပေးတယ်။
ဒါပေမယ့် ဒါဝင်ရဲ့ ထုံးစံပါပဲ။ ဒီကောင်လေးက သွေးဆူလွယ်ပါတယ်။ အေးဆေးလုပ်ရမယ့် ကိစ္စတွေကို ကမူးရူးထိုး လုပ်တာကတော့ တကယ့်စံပါပဲ။ ကွင်းလယ်ထံက ရလာတဲ့ ဘောလုံးနဲ့အတူ ခံစစ်သမားကို လှလှပပ ကျော်ဖြတ်လို့ ဂိုးသမားကိုပါ လှည့်ဖျားခဲ့ပြီးမှ အရှိန်ကြောင့် ဂိုးကန်သွင်းချက် တိုင်ထိခဲ့ပါတယ်။
သို့ပေမယ့် ဒါဝင်ဟာ သူ့တာဝန်ကို ကျေခဲ့ပါတယ်။ ကိုယ်တိုင် ဂိုးသွင်းဖို့ထက် ဂရာဗင်ဘက်ချ် ဂိုးရဖို့ ဖန်တီးမှု ပိုလုပ်ပေးချင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ် 😂 ။ တူးလုစ့်ပွဲမှာတော့ ဒါဝင်ဟာလည်း ခြေစွမ်းကောင်းတဲ့ ကစားသမားပါပဲ။
လာမယ့် ပွဲစဉ်များ
နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ် မတိုင်ခင်မှာ လီဗာပူးအသင်းဟာ ၃ ရက် တစ်ပွဲတွေကို ဆက်တိုက် ယှဉ်ပြိုင်ရပါမယ်။ ကံကောင်းတာက ဒီကြားမှာ အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့စရာ မရှိပါဘူး။ အခြားတစ်ဘက်နဲ့ ပြောရရင် နိုင်ငံတကာသီတင်းပတ် မရောက်ခင် ပွဲတိုင်းကိုတော့ နိုင်မှရပါမယ်။ သရေဆိုရင်တောင် ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။
နော်တင်ဟမ် ဖောရက်စ်ကို ပရီးမီးယားလိဂ်ပွဲ (အိမ်ကွင်း)၊ ဘုန်းမောက်နဲ့ ကာရာဘောင်းပွဲ (အဝေးကွင်း)၊ လူတန်တောင်းကို ပရီးမီးယားလိဂ်ပွဲ (အဝေးကွင်း)၊ တူးလုစ့်ကို ယူရိုပါလိဂ်ပွဲ (အဝေးကွင်း)၊ ဘရန့်ဖိုဒ့်ကို ပရီးမီးယားလိဂ်ပွဲ (အိမ်ကွင်း) တို့ဖြစ်ပါတယ်။