ခံစစ်မှူးနဲ့ ဂိုးသမားကို ကျော်ဖြတ်ပြီးမှ ဒါဝင် ဂိုးမဝင်ခြင်း အပေါ် မေးခွန်းထုတ်ခံရမှုအား ကလော့ပ် တုန့်ပြန်

လီဗာပူးနဲ့ တူးလုစ့်ပွဲမှာ ၅-၁ ရလဒ် ထွက်ပေါ်ခဲ့ပြီး တိုက်စစ်မှူး ဒါဝင် နူးညက်စ်ဟာ ပြိုင်ဘက် ခံစစ်သမားနဲ့ ဂိုးသမားကို ကြိုးစားကျော်ဖြတ်ခဲ့ပြီးမှ ဂိုးပေါက် လွဲချော်မှု ဖြစ်ခဲ့ပါတယ်။

အသင်းရဲ့ တတိယဂိုးကို သွင်းယူခဲ့တဲ့ ဒါဝင်ဟာ စတုတ္ထဂိုး ရဖို့ အတော်လေး နီးစပ်ခဲ့ပြီးမှ တိုင်ထိ ထွက်ခဲ့ပြီး အဆိုပါ ဘောလုံးကို ဂရာဗင်ဘက်ချ်က ပိတ်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဖြစ်ရပ်ကလွဲရင် ဒါဝင်ဟာ ဒီပွဲမှာ အတော်လေး ကောင်းခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဒါဝင်ရဲ့ လွဲချော်မှုကို သတင်းထောက်တွေက မေးမြန်းခဲ့ကြစဉ် ကလော့ပ်က အကောင်းမြင်စွာ ပြန်ဖြေခဲ့ပါတယ်။

သတင်းထောက် – ဒါဝင် နူးညက်စ် အကြောင်းပါ။ သူ သွင်းဂိုးကောင်းရခဲ့ပါတယ်…

ကလော့ပ် – (ကြားဖြတ်ပြီး) သူကစားသွားတာ အတော်လေး ကောင်းပါတယ်။

သတင်းထောက် – တိုင်ထိသွားတာ မတိုင်ခင် ဒါဝင်က ခံစစ်သမားကို ကျော်ဖြတ်ခဲ့ပြီး ဂိုးသမားကို လိမ့်ခေါက်ခဲ့တယ်။ အဆုံးသတ်ပိုင်းမှာ တည်ငြိမ်ဖို့ လိုအပ်ခဲ့တယ် မဟုတ်လား?

ကလော့ပ် – ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ပြောရရင်တော့ အဲ့လိုပါပဲ။ ဒီအခြေအနေမှာ သူ့ရဲ့ ပိတ်ချက် တိုင်ထိခဲ့တာကို ကျနော် ဂရုမစိုက်ပါဘူး။

ဘာလို့လဲဆိုတော့ အဲ့မတိုင်ခင် သူလုပ်ခဲ့သမျှ အားလုံးက သိပ်ကောင်းတယ်ဆိုတာ ရှင်းပါတယ်။ ခံစစ်သမားကို လမ်းကြောင်းက ဖယ်ထုတ်ခဲ့တယ်၊ ဂိုးသမားကို ကျော်ဖြတ်ခဲ့တယ် အခြေအနေက တကယ်ကို ပြည့်စုံခဲ့ပါတယ်။

ဒီပွဲမှာ သူကစားခဲ့တာ ကောင်းပါတယ်၊ သွင်းဂိုးရခဲ့သလို ကွင်းထဲက အခြေအနေတွေမှာ သူပါဝင်ခဲ့ပါတယ်။ ကွင်းလယ်ထိ ဆင်းပြီး ကစားခဲ့တယ်၊ ဘောလုံးထိန်းထားခဲ့တယ်၊ တိုက်စစ်သမား လုပ်ရမှာတွေ လုပ်ခဲ့ပါတယ်။ ဒါတွေက ကောင်းတဲ့ ကိစ္စတွေပါပဲ။

ဒါဝင်ကိုယ်တိုင်ကလည်း ” အဆင်ပြေပါတယ်၊ ကျနော် သန်မာနေဆဲပါ၊ ကိုယ်ဘာသာ တိုးတက်လာဖို့ရော အသင်းကို ကူညီဖို့ပါ ဆက်ကြိုးစားနေပါတယ် ” လို့ ပြောဆိုသွားပါတယ်။