

ပရီးမီးယားလိဂ် ကစားသမားဟောင်း ဂျိုးကိုးလ်ကတော့ လီဗာပူးလို အသင်းဟာ ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်ရမယ့် အသင်းမျိုး မဟုတ်တာကြောင့် ဒီအဆင့်မှာ နိုင်နေတာကိုပဲ မြင်ချင်တယ်လို့ ထုတ်ပြောလာပါတယ်။
လီဗာပူးအသင်းဟာ ယူရိုပါလိဂ် အုပ်စုအဆင့်မှာ ရာနှုန်းပြည့် နိုင်ပွဲကို ထိန်းသိမ်းထားဆဲ ဖြစ်တယ်။ ဒါပေမယ့် ကလော့ပ်လက်ထက် ချန်ပီယံလိဂ် ဖိုင်နယ် ၃ ကြိမ် တက်ထားတဲ့ လီဗာပူးလို အသင်းက တစ်ဆင့်နိမ့်ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေရတာမျိုး မြင်နေရခြင်းအပေါ် ဂျိုးကိုးလ်က စိတ်မချမ်းမသာ ဖြစ်နေပါတယ်။
TNT Sports ကနေ ပွဲပြီး သုံးသပ်ရာမှာ အသင်းကစားသမားဟောင်း ကိုးလ်ကတော့ ဒီအဆင့်မှာ အနိုင်ကလွဲရင် ကျန်ရလဒ် မှန်သမျှ လီဗာပူးလို အသင်းရဖို့ မလုံလောက်ဘူးလို့ ပြတ်ပြတ်သားသား သတိပေးခဲ့ပါတယ်။
ဂျိုးကိုးလ်က “ လီဗာပူးက ပွဲအစ ပွဲအဆုံး လွှမ်းမိုး ကစားသွားခဲ့တယ်။ သူတို့ရဲ့ ဂိမ်းပလန်က အမှားအယွင်း ရှိတယ်လို့ မမြင်မိဘူး။ ကျနော်ကတော့ လီဗာပူးအသင်း ပြိုင်နေတဲ့ ပြိုင်ပွဲက သူတို့ ရှိနေရမယ့် ပြိုင်ပွဲမျိုး မဟုတ်ဘူးလို့ ထင်မိပါတယ်။
တကယ်လို့ သူတို့သာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှိမယ်ဆိုရင် သူတို့က ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်ထိ သွားနိုင်မယ့် အသင်းဆိုပြီး စောင့်ကြည့်နေကြရမှာပါ။
သူတို့ ယူရိုပါလိဂ်ကို နိုင်ကိုယ်နိုင်ရပါမယ်။ သူတို့ ပိုင်ဆိုင်ထားတဲ့ ဒီလို အရည်အသွေးမြင့် ကစားသမားတွေနဲ့ ယူရိုပါလိဂ် အုပ်စုအဆင့်မှာက နိုင်တာကလွဲလို့ အခြား ဘယ်ရလဒ်ကမှ သူတို့လို အသင်းအတွက် မလုံလောက်ပါဘူး ” လို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အုပ်စုအဆင့်ပဲ ရှိနေသေးပေမယ့် ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဒီရာသီ ယူရိုပါလိဂ်ဖလား အောင်မြင်မယ်လို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။