ဒီယက်ဇ်အတွက် ဆုတောင်း၊ အသင်းပြောင်းလာဖို့ ငြင်းခဲ့တဲ့ ဗန်ဒီဗန်၊ အန်ဒရီဘက်က မီးစိမ်းပြလာခြင်းနဲ့ ဖောရက်စ် ပွဲကြို လီဗာပူး သတင်းများ

တိုက်စစ်မှူး ဒီယက်ဇ်ရဲ့ ဖခင်နဲ့ မိခင်တို့ဟာ ကိုလံဘီယာမှာ ပြန်ပေးဆွဲခံခဲ့ရကာ အခုချိန်မှာ မိခင်ဖြစ်သူကတော့ ပြန်လွှတ်မြောက်လာပါပြီ။ ကိုလံဘီယာ ရဲအဖွဲ့ကတော့ ဒီယက်ဇ်ရဲ့ ဖခင်ပါ လွှတ်မြောက်လာဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ကွင်းလယ်လူဟောင်း ဂျိုးကိုးလ်ကတော့ ဒါဝင်ဟာ အခြားနေရာတွေမှာ A အဆင့်ထိ တိုးတက်လာပေမယ့် အဆုံးသတ်ပိုင်းမှာ C အဆင့်ပဲ ရှိနေသေးတယ်လို့ ထောက်ပြလာပါတယ်။

ဝက်စ်ဟမ်း တိုက်စစ်မှူး ဘိုဝင်က ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး တောင်ပံသမားအဖြစ် ဆာလာကို ရွေးချယ်ပါတယ်။ ဟာဇက်လည်း ကောင်းမွန်ပေမယ့် ဘောလုံးရာသီတိုင်း သွင်းဂိုး ၂၀ အသာလေး ယူနိုင်တဲ့ ဆာလာကိုပဲ နှစ်သက်တယ်လို့ ဆိုခဲ့တာပါ။

ဘရန့်ဖိုဒ့်ပွဲမှာ ကွင်းလယ်လူ ကိုင်ဆီဒိုဟာ စပါးပွဲတုန်းက ကာတစ်ဂျုံးလိုမျိုး တူညီတဲ့ ဘောလုံးဝင်လုမှု လုပ်ခဲ့ပေမယ့် အဝါကဒ်ပဲ ပြသခံရခြင်းကို ဒိုင်လူကြီးဟောင်း Mark Goldbridge က ဝေဖန်ခဲ့ကာ အနီကဒ် ပြရမှာလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဇန်နဝါရီမှာ လီဗာပူးထံက ကမ်းလှမ်းမှုရရင် ငြင်းဆန်ခြင်း မလုပ်ဘူးဆိုတဲ့ သဘောမျိုး ဘရာဇီး ကွင်းလယ်လူ အန်ဒရီက ထုတ်ပြောလာပါတယ်။

ဖောရက်စ်ဟာ ဒီကနေ့ည လီဗာပူးပွဲမှာ တတိယဦးစားပေး ဘယ်အစွန်လူကို ပွဲထုတ်ရနိုင်တယ်လို့ အသံထွက်နေပါတယ်။

နယ်သာလန်ခံစစ်မှူး ဗန်ဒီဗန်ကို ဒီနွေတုန်းက လီဗာပူးအသင်း ကမ်းလှမ်းခဲ့ပေမယ့် ခံစစ်မှူးက ပယ်ချခဲ့ပါတယ်။ သူကတော့ ပွဲထွက်ခွင့် အာမခံချက် ပိုရမယ့် စပါးကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

နက်တိုကို လီဗာပူး အပါအဝင် ကလပ် အများပြားက စိတ်ဝင်စားပေမယ့် ပေါ်တူဂီသားရဲ့ ဒဏ်ရာ မှတ်တမ်းက အတော်လေး ဆိုးရွားတာကြောင့် တရားဝင် ကမ်းလှမ်းမှု လုပ်ဖို့ စဉ်းစားကြဖွယ် ရှိနေပါတယ်။

ကိုင်ဆီဒိုဟာ လီဗာပူးကို ငြင်းပြီး ချယ်ဆီးကို ရွေးချယ်ခဲ့တာက မှားယွင်းခဲ့သလို အဲ့သည် အကျိုးဆက်အဖြစ် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားရဖို့ မသေချာတော့ဘူးလို့ မှတ်ချက်ပေးမှုတွေ ရှိလာပါတယ်။