မန်စီးတီးရဲ့ အကြီးကျယ်ဆုံး ပြိုင်ဘက်ကြီးဟာ လီဗာပူးပါ၊ မန်ယူနိုက်တက် မဟုတ်ပါဘူး ဆိုလာတဲ့ ဂွာဒီယိုလာ

မန်ချက်စတာစီးတီး နည်းပြ ဂွာဒီယိုလာက သူ့ရဲ့ခေတ်မှာ အကြီးကျယ်ဆုံး ပြိုင်ဘက်အဖြစ် မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်ကို ဖယ်ထုတ်ကာ လီဗာပူးအသင်းကပဲ စစ်မှန်တဲ့ ပြိုင်ဘက်အဖြစ် ထုတ်ပြောခဲ့ပါတယ်။

မနှစ်ကရာသီ ဖလား ၃ လုံး အောင်မြင်ခဲ့တဲ့ စီးတီးဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တွေကို အောင်မြင်ဖို့ ရေပန်းစားဆဲပါ။ လီဗာပူးကတော့ ဒီရာသီမှာ မန်စီးတီးမပြောနဲ့ အာဆင်နယ်လောက်တောင် ရေပန်းစား မမြင့်မားတဲ့ အသင်းဖြစ်ပါတယ်။

သို့ပေမယ့်လို့ ဂွာဒီယိုလာက နောက်ဆုံး ၅ ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် အောင်မြင်ခြင်းနဲ့ ချန်ပီယံလိဂ်ကို ပထမအကြိမ် အောင်မြင်ခြင်းတွေဟာ လီဗာပူးလို ပြိုင်ဘက်ကောင်းရဲ့ တွန်းအားကြောင့်ပါလို့ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက “ အိုလီလက်ထက်မှာ ယူနိုက်တက်က ကျနော်တို့ကို ယှဉ်ပြိုင်နိုင်တဲ့ တစ်ရာသီလောက် ရှိခဲ့ပါတယ်။ ဒါပေမယ့် ရာသီတိုင်းက ကျနော်တို့ရဲ့ ပြိုင်ဘက်က လီဗာပူးပဲ ဖြစ်ခဲ့တာပါ။

မန်စီးတီးနည်းပြဘဝ အဆုံးသတ်သွားချိန်မှာ ကျနော်ရဲ့ အကြီးကျယ်ဆုံး ပြိုင်ဘက်၊ မန်စီးတီးရဲ့ အကြီးကျယ်ဆုံး ပြိုင်ဘက်က လီဗာပူးပဲ ဖြစ်ပါလိမ့်မယ်။

လီဗာပူးက ကျနော်တို့တွေ စိန်ခေါ်နိုင်ဖို့ အကူအညီဖြစ်ခဲ့ပါတယ်။ သူတို့ကပဲ နေရာတိုင်းမှာ ကျနော်တို့တွေကို ပိုကောင်းလာစေခဲ့တယ်။ ကျနော်ရဲ့ မန်စီးတီး တစ်ခေတ်မှာ သူတို့အသင်းလောက် ဘယ်အသင်းကမှ စိန်ခေါ်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။

အာဆင်နယ် ပြန်လာနေပါပြီ၊ နယူးကာဆယ် ရောက်လာပါပြီ၊ ချယ်ဆီးကလည်း တိုးတက်မှုတွေ ရှာဖွေနေပါပြီ။ စပါးလည်း အရမ်းကောင်းနေပါတယ်။ ပြိုင်ဘက်တွေ တိုးတက်လာနေကြတာ ဟုတ်ပါတယ် ဒါပေမယ့် ဒီနှစ်တွေအတွင်း ကျနော်တို့ရဲ့ အကြီးကျယ်ဆုံး ပြိုင်ဘက်ကဟာ လီဗာပူးပါပဲ ” လို့ ဆိုခဲ့ပါတယ်။

ယာဂင်ကလောပ့်နဲ့ ဂွာဒီယိုလာတို့ဟာ သက်ဆိုင်ရာ ကလပ်တွေမှာ စာချုပ်တွေ သိပ်မကျန်ကြတော့ပါဘူး။ နှစ်ဦးလုံးဟာ ထပ်ပြီး သက်တမ်းတိုးမယ့် အရိပ်အယောင်လည်း မမြင်ရပါဘူး။ သူတို့တွေ ထွက်မသွားကြခင် ဆုဖလားအတွက် ထိပ်တိုက် ယှဉ်ပြိုင်ခြင်းမျိုး နောက်တစ်ကြိမ် ထပ်မြင်ရဖို့ မျှော်လင့်တာပဲ ဖြစ်ပါတယ်။