FSG ကို ကလော့ပ် ကာကွယ်ပေးနေကြောင်း နဗီး ပြော၊ လီဗာပူးပရိသတ်တွေ စိတ်ရှည်ပေးတော့မှာ မဟုတ်ဘူးလို့ ဆွေးနွေးတဲ့ ကာရေဂါ

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ခံစားခဲ့ရတဲ့ အလားတူ ရုန်းကန်ရမှုမျိုးကို လီဗာပူးပရိသတ်တွေကို ကြုံတွေ့ရနိုင်တယ်လို့ ဂယ်ရီနဗီးက သတိပေးခဲ့ပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ အောင်မြင်ခဲ့ပေမယ့် ကလပ်ရဲ့ Fenway Sports Group အသင်းပိုင်ရှင်တွေဟာ အသင်းကို ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နိုင်ဖို့ကို ဦးစားပေးနေပြီး အသုံးစရိတ် လုံးဝ မထုတ်တဲ့ အုပ်ချုပ်မှု ပုံစံကို အသင်းပရိသတ်တွေ မကျေမနပ် ဖြစ်နေကြတာပါ။

လီဗာပူးဟာ နိုဝင်ဘာမှာ အသင်းကို အရောင်းတင်ခဲ့ပေမယ့် တစ်သင်းလုံး ရောင်းချမှာ မဟုတ်ဘဲ ရင်းနှီးမြုပ်နှံမှုတွေကိုသာ လက်ခံမှာဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့ပါတယ်။ ကလော့ပ်ဟာ ပိုင်ရှင်တွေကို ကာကွယ်ပေးနေပြီး အနာဂတ်မှာ ပရိသတ်တွေကြား စိတ်ဝမ်းကွဲမှု ဖြစ်လာစေနိုင်တယ်လို့ ယူနိုက်တက် နောက်ခံလူဟောင်း နဗီးက သတိပေးခဲ့ပါတယ်။

“ ယာဂင်ကလော့ပ်က အသင်းပိုင်ရှင်တွေကို ကာကွယ်ပေးနေတာ။ ချယ်ဆီးနဲ့ စီးတီးတို့ ငွေတွေအများကြီး စသုံးလာတုန်းက ယူနိုက်တက်အတွက် ဘတ်ဂျက်နည်းနည်းနဲ့ အသင်းတစ်သင်းကို ပုံဖော်ပေးနိုင်ခဲ့တဲ့ ဆာအဲလက်စ်ရဲ့ အရည်အသွေးဟာ အသင်းပိုင်ရှင်တွေအတွက် အကာအကွယ်ဖြစ်စေခဲ့သလိုပါပဲ။

ဂလေဇာမိသားစုရှိနေတဲ့ ယူနိုက်တက်ရဲ့ပုံစံတွေကြောင့် နောက်ဆုံးမှာ ထွက်ခွာရဖို့ ဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ သူတို့က အဓိက အားကစားပြိုင်ပွဲတွေမှာရော၊ အားကစားနဲ့မဆိုင်တဲ့ ရည်မှန်းချက်တွေမှာပါ ကျရှုံးခဲ့တာပါ ” လို့ နဗီးက ဆိုပါတယ်။

လီဗာပူးနောက်ခံလူဟောင်း ဂျေမီကာရေဂါကပဲ ကလော့ပ်ရဲ့ အသင်းဟာ အားကစားပိုင်းတွေမှာ ကျရှုံးခဲ့တာမျိုး မရှိပေမယ့် ဒီရာသီလို ဆုဖလား စိန်ခေါ်နိုင်စွမ်း မရှိဘဲ အင်အားဖြည့်မှုတွေအတွက်လည်း ထူးခြားမှု မရှိလာရင် ပရိသတ်တွေက ပိုင်ရှင်တွေကို စတင် ကျောခိုင်းလာမယ်လို့ ထောက်ခံခဲ့တယ်။

“ FSG က အားကစားပိုင်းမှာ မကျရှုံးခဲ့ပါဘူး။ ကျွန်တော့်အထင် လီဗာပူးတို့ အားကစားဆိုင်ရာ ရည်မှန်းချက်မှာ စတင်ကျရှုံးလာတာနဲ့ ကလော့ပ်အတွက် အသုံးစရိတ် မရဘူးဆိုရင် ဒါမှမဟုတ် နောက်၁နှစ် ၂နှစ်လောက်မှာ သူထွက်သွားမယ်ဆိုရင် ဂလေဇာတွေနဲ့ ယူနိုက်တက် ဖြစ်ခဲ့သလိုမျိုး ဒီမှာလဲ ဖြစ်လာလိမ့်မယ်။

လီဗာပူးပရိသတ်တွေက ယူနိုက်တက်ပရိသတ်တွေလိုမျိုး စိတ်ဓာတ်ပြင်းထန်ကြတယ်၊ သူတို့ကလပ်ကို အရမ်းချစ်ကြတယ်၊ လီဗာပူးကို ထိပ်ဆုံးမှာပဲ မြင်ချင်ကြတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရလဒ်ကောင်းတွေကို မြင်ခဲ့ပြီးမှ အဆင့်၆၊ ၇ လောက်ရောက်နေရင် သူတို့ လက်ခံမှာမဟုတ်ပါဘူး။

လီဗာပူးပရိသတ်တွေက အသင်း ဆုဖလားတွေ ပြန်စိန်ခေါ်နိုင်ဖို့ကို နှစ် ၃၀ လောက်ကြုံခဲ့ရပြီးတော့ စိတ်ရှည်ရှည်နဲ့ လက်ခံစောင့်ဆိုင်းပေးခဲ့တာပါ ”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ရင်းနှီးမြုပ်နှံသူ အသစ်တွေ ရှာဖွေနေပေမယ့် အခုချိန်ထိတော့ ထူးခြား သတင်းမျိုး မကြားရသေးတာ ဖြစ်ပါတယ်။